မိုးမိတ်၊ ထားဝယ်၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၅ မတ်

မိုးမိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၂ ရက် မွန်းတည့်က မိုးမိတ်မြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ စိန်နန်းစိုး မော်တော်ယာဉ်ဂိတ်ရှိ တန်ဆာအပ်ထားသည့် ကတ်ထူစက္ကူပုံး အတွင်းမှ ဘိန်းဖြူ ဂရမ် ၅၅၀ ရှာဖွေတွေ့ရှိ၍ ညနေ ၅ နာရီတွင် ဘိန်းဖြူများပါရှိသည့် ကတ်ထူစက္ကူပုံးကို လာရောက်ထုတ်ယူသူ မိုးမိတ်မြို့နယ်၊ သဲနီကျေးရွာနေ မောင်မောင်ခင်အား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာနေ ကြည်မောင်၏နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူဂရမ် ၆၆၀ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ မတ် ၁၃ ရက် ည ၈နာရီခွဲက ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာအနီးတွင် နိုင်အောင် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၆၁ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မတ် ၁၄ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာတွင် နေထိုင်သူ ထိန်လင်းအောင် (ခ) သားကြီး၏ နေအိမ်တဲကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၂၅၇ ပြားနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကိုလည်းကောင်း၊ ထို့အတူ မတ် ၁၄ ရက် မွန်းလွဲ ၁ နာရီက မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုနားကျေးရွာနေအားထူနှင့် ဆွန်းမိုတို့၏နေအိမ်ကို ရှာဖွေရာ ဆွန်းမို၏ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၈၁ ပြား၊ ဘိန်းစိမ်း ၇၀ ဂရမ်၊ ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၃,၁၅၀ ဘတ်နှင့် အားထူ၏ အင်္ကျီအိတ်ကပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

MDN