မိုးမိတ်   စက်တင်ဘာ   ၂၂

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိပြီး ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မား တိုးတက်လာစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး စံပြကျေးရွာများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော ကျေးလက်ဒေသ သောက်သုံးရေရရှိရေး၊ မီးရရှိရေး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းဝင် ကျေးရွာများအနက် ကျေးရွာစုစု ပေါင်း(၁၀)ရွာ၏ စီမံကိန်းဆိုင်ရာအချက်အလက်များ ကောက်ယူနိုင်ရေး လုပ်ငန်းစဉ်များအား သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မိုးမိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာ တာဝန်ခံဝန်ထမ်းများက စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၁၀)ရွာမှ သင်တန်းသူ/သား(၂၆)များအား အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများနှင့် ပတ်သက်၍ တစ်ရက်ကြာဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

စိုးမိုးကျော်