မိုးမိတ် မေ ၁၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) တွင် ၂၅၀၀ ဓမ္မာရုံအတွင်းရှိ မဟာဗောဓီညောင်ပင်၌ ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ခြင်းနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ယမန်နေ့ ညနေ ၃ နာရီခွဲက စည်းကား သိုက်မြိုက်စွာ ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားကို ၂၅၀၀ ဓမ္မာရုံအတွင်း၌ ဆရာတော်ဘုရားများထံမှ သီလခံယူခဲ့ကြကာ ရွှေကြာပင်ကျောင်းတိုက်မှ ဆရာတော် ဦးဝါယမာစာရ ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ရခြင်း အကြောင်းကို ဟောကြားတော်မူခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ကောင်စီဥက္ကဌ ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်များရှိဓမ္မစကြာအဖွဲ့များ ၊ဒေသခံပြည်သူများက မဟာဗောဓီညောင်ပင်တွင် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ခဲ့ကြသည်။
ထို့နောက် ပုပ္ပာရုံဘုန်တော်ကြီးကျောင်း အတွင်း၌ နိဗ္ဗာန်ဈေးပွဲတော်ကို ဆက်လက်ကျင်းပခဲ့ရာ ဒေသခံတိုင်းရင်းသားမိဘပြည်သူ စေတနာရှင်၊အလှူရှင်များက ကျွေးမွေးသော အစားအစာများအား လာရောက်သုံးဆောင်သူများဖြင့် စည်းကားလျက်ရှိကြောင်းသိရသည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)