မိုးမိတ် ၂၁ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပသင်ကျေးရွာအုပ်စု၊ ဆည်ဦးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးမိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်ဇော်၊ မိုးမိတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းနှင့်ဝန်ထမ်းများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဆယ်ဦးကျေးရွာတွင် ကျေးလက်ကုန်ထုတ် လမ်းဖောက် လုပ်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မှီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေး မှာကြားသည်။
ဆည်ဦးကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ၄၄ ဒသမ ၃၄၂ သန်းဖြင့် ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်ခင်းခြင်း လမ်းအရှည် ၆ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထုခင်းခြင်းနှင့် အဆိုလမ်းပေါ်တွင် သစ်သားတံတား အလျားပေ ၂၀၊ အကျယ် ၁၄ပေ၊ အမြင့် ၈ ပေတည်ဆောက်ခြင်း၊ Box Culvert အလျား ၂၂ ပေ၊ အကျယ် ၅ ပေ၊ အမြင့် ၅ ပေတည်ဆောက်ခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့် မိန်းမြစ်ကုမ္ပဏီက ဇန်နဝါရီလ ပထမပတ်ကစတင်၍ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၁၂၀)၊ လူဦးရေ(၄၆၀)၏ ကျေးလက် လယ်ယာထုတ်ကုန် ဧက(၈၀၀)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်များကို စျေးကွက်သို့ အချိန်မီ လွယ်ကူ လျင်မြန်စွာပေးပို့နိုင်မှာဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေးလည်း ကောင်းမွန်လာသဖြင့် ဒေသခံပြည်သူများအတွက် လယ်ယာသုံး စက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာထွက်ကုန်များ၏ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေမည်ဖြစ် ကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်း ကပြောသည်။
စိုးမိုးကျော်


