မိုးမိတ် ဇူလိုင် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့ အသင်းဝင်များက ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ဇူလိုင် ၇ ရက် နံနက် ၉ နာရီခွဲက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက ငလျင်ဘေးအန္တရာယ်အကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်နိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးက သဘာဝဘေးအန္တရာယ်များထဲမှ မိုးကြိုးဘေးအန္တရာယ် အကြောင်းကို ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအနေဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးအတွက် သရုပ်ပြခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုနည်း သရုပ်ပြခြင်း၊ ငလျင်အန္တရာယ် ကင်းမဲ့ဇုန်မြေပုံကို ကျောင်းသား၊ ကျောင်းသူ (၃)ဦးစီပါဝင်သော အဖွဲ့(၃)ဖွဲ့မှ ရေးဆွဲစေပြီး ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)