မိုးမိတ် နိုဝင်ဘာ ၁၁

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကုန်စည်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် ဆေးဝါးအရောင်းဆိုင်များအား အခြေခံစားကုန်နှင့် ဆေးဝါးများ ကုန်စည် ဈေးနှုန်းတည်ငြိမ်ပြီး ဒေသခံမိဘပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက်  ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်ဦးစီးမှူး ဦးတင်ရှိန်က ကိုဗစ်ကာလအတွင်း ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန်အတွက် ကုန်စည်အရောင်းဆိုင်များအား ဈေးနှုန်းကြီးမြင့်စွာ ရောင်းချမှုမရှိစေခြင်း၊ ကုန်ဈေးနှုန်း မှန်ကန်စွာစီးဆင်းနိုင်ရေးနှင့် ကုန်စည်ဈေးနှုန်းမြင့်တက်မှုများရှိပါက တာဝန်ရှိသူများအနေဖြင့် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)