မိုးမိတ် ၁၁ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် လက်ခုပ်ပင် ကျေးရွာအုပ်စုရှိ တောင်သူများအတွက် စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Covid-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မိုးမိတ်မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးခြင်းများကို ကျေးရွာအုပ်စုအလိုက်ခွဲ၍ တစ်အုပ်စုခြင်းကို နေ့ရက်အလိုက်သတ်မှတ်၍ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ(၁၀)ရက်နေ့တွင် လက်ခုပ်ပင် ကျေးရွာအုပ်စုရှိ တောင်သူ (၃၅)ဦးအတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ဖြင့် ကျပ်(၁၇၈) သိန်းကို ထုတ်ချေးပေး ခဲ့ပြီး မိုးမိတ်မြို့နယ်တွင် ဆောင်းသီးနှံ အဖြစ် မြေပဲ၊ နှမ်း ၊ ဆောင်းကုလားပဲ များနှင့်ပဲမျိုးစုံကို အဓိကထား စိုက်ပျိုးကြသည်ဟု မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လက်ထောက် မန်နေဂျာ ဦးဇော်နိုင်ဦးက ပြောသည်။
မိုးမိတ်သား(စည်သူဌေး)


