မိုးမိတ် ၂၁ အောက်တိုဘာ
ရှမ်းပြည်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် စာပေချစ်သူများအဖွဲ့မှ အသိပညာဗဟုသုတများတိုးပွားလာစေရေးနှင့် စာပေချစ်မြတ်သူများ တိုးပွားလာစေရန်အတွက် ရည်ရွယ်၍ ကွင်းဆင်းဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက လက်ခုပ်ပင်ကျေးရွာ ဘုန်တော်ကြီးကျောင်းရှိ ယဉ်ကျေးလိမ္မာသင်တန်းကျောင်း၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ စာပေချစ်သူများအဖွဲ့မှဥက္ကဋ္ဌ ဒေါ်လှလှမြင့်က လူတော်လူကောင်း ဟူသောအကြောင်းအရာအား လည်းကောင်း၊ ဦးစိုင်းသီဟက ဆက်ဆံရေးတာဝန်များဟူသော အကြောင်းအရာအားလည်းကောင်း၊ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နန်ပီးက အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာများများဖတ်ကြရန် လိုအပ်ကြောင်းကို အသီးသီး ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကျင့်စာရိတ္တ ကောင်းခြင်း၊ ယဉ်ကျေးစွာဆက်ဆံတတ်ခြင်း၊ စာဖတ်ခြင်း စသည့်အကြောင်းအရာများကို တက်ကြွစွာဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက်စာပေချစ်သူများအဖွဲ့က ကျောင်းသား၊ ကျောင်းသူလေးများအား ဗလာစာအုပ်များနှင့်ဘောပင်များကို လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
စည်သူဌေး (မိုးမိတ်သား)