မိုးမိတ် ၃၀ ဒီဇင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးသောင်းက ကုမ္ပဏီများ အနေဖြင့် မိမိတို့ဆောင်ရွက်သည့်လုပ်ငန်းများကို အရည်အသွေးပြည့်ဝစေရန်နှင့် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်ဇော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးမတ်ခရိုင်တွင် ဆောင်ရွက်မည့် ကုန်ထုတ်လမ်း (၇) လမ်း ၊ ကုန်ထုတ်လမ်းပေါ်ရှိ တံတား(၆)စင်း၊ စိမ့်စမ်းရေသွယ်ခြင်း (၆)ခု၊ စက်ရေတွင်း (၆)တွင်း စသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ကုမ္ပဏီများအား မိမိတို့ လုပ်ငန်းများကို စောလျင်စွာပြီး စီးနိုင်ရေးနှင့် အရည်အသွေး ပြည့်မီစေရေးနှင့် အခက်အခဲများရှိပါက မိမိတို့ဌာနကို လာရောက်မေးမြန်းဆက်သွယ်နိုင်ပါကြောင်းနှင့် ကုမ္ပဏီများ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသော မိုးမိတ်မြို့နှင့် မဘိမ်းမြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက မိမိတို့ ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လုပ်ငန်း၊ ကုန်ထုတ်လမ်းပေါ်ရှိ တံတားများနှင့် ရေပေးဝေရေး လုပ်ငန်းများ အရည်အသွေးပြည့်ဝစေရေးအတွက် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)