ရန်ကုန်   ၂၆  အောက်တိုဘာ

မိုးမိုး(အင်းလျား) ၇၅နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာ ပွဲတော် ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ် စက်ရုံ၌ ဆက်လက်ကျင်းပသည်။

 

wes

 

ယနေ့ပွဲတော်ဒုတိယနေ့တွင် ဒါရိုက်တာကြည်စိုးထွန်းက စာပေမှသည် ရုပ်ရှင် သို့ခေါင်းစဉ်ဖြင့် မိုးမိုး(အင်းလျား)ဝတ္ထုများ ရုပ်ရှင်ရိုက်ကူးသည့် အတွေ့အကြုံများ ကိုရှင်းလင်းပြောကြားခြင်း၊ ကဗျာဆရာမမအိနှင့်အဖွဲ့က ကဗျာရွတ်ဆိုခြင်း၊ ငယ်ကျွမ်း ဆွေတို့ စကားဝိုင်းခေါင်းစဉ်ဖြင့် ဆရာမ စမ်းစမ်းတင်၊ ဆရာမ မေအောင်စိုး၊ ဆရာမ ခင်အုန်းမြင့် (ဒိုက်ဦး)၊ ဆရာမ မာလာတင်တို့က ဝိုင်းဖွဲ့ ဆွေးနွေးခြင်း၊ ဝင်္ကပါထဲက တံခါးတစ်ချပ်ခေါင်းစဉ်ဖြင့် ဆရာမ ယမင်းမြတ်အေးနှင့် စာဖတ်ခြင်းအနုပညာခေါင်းစဉ်ဖြင့် ဆရာမဂျူး တို့က ဟောပြောခြင်း၊ ဝတ္ထုတို ဆိုသည်မှာခေါင်းစဉ်ဖြင့် ဆရာမ ခင်မြဇင်၊ ဆရာမ မိချမ်းဝေ၊ ဆရာမ နှင်းဝေငြိမ်း တို့က ဝိုင်းဖွဲ့ ဆွေးနွေးခြင်းတို့ ပြုလုပ်ကြသည်။

 

des

9272

 

ဆရာမ မိုးမိုး (အင်းလျား)နှင့် ပတ်သက်ပြီး ဆရာမကြီး စမ်းစမ်းတင် က မိုးမိုးနဲ့ ကျွန်မက အခင်ဆုံးသူငယ်ချင်းတွေပါ။ သူ့မွေးနေ့က အောက်တိုဘာ ၂၄ ရက် ကုလသမဂ္ဂနေ့၊ သူဆုံးတာက မတ်လ ၁၃ ရက် ဖုန်းမော်နေ့ပေါ့။ သူဆုံးတဲ့ကာလ တုန်းက ရန်ကုန်မှာ စစ်အုပ်ချုပ်ရေးကြေညာထားတယ်။ ဒါပေမယ့် သူဆုံးတာလည်း ကြားရော ရန်ကုန်မြို့မှာ ရှိသမျှစာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ပန်းချီဆရာတွေ၊ ကာတွန်းဆရာတွေ စုဝေးကြတယ်လေ။ သူက အဲဒီလောက်အထိ စာပေနယ်ပယ် ကရော၊ အနုပညာနယ်ပယ်ကရော သူ့ကို အမြတ်တနိုးထားတာပေါ့နော်။ သူ့ရဲ့ (၇၅) နှစ်ပြည့်လုပ်မယ်ဆိုတော့ ဥရောပခရီးစဉ်ကိုဖျက်ပြီး သူ့ကို အထူးသဖြင့် ဂုဏ်ပြုတဲ့ အနေနဲ့လာတာပါ။ သူ့ရဲ့အမှတ်တရတွေက အများကြီးပါ။

သူကိုယ်တိုင် မြင်တွေ့ရတာ၊ ခံစားရတာတွေ၊ လူတွေရဲ့စိတ်ကို ဖောက်ထွင်း မြင်ရတာတွေကို ရေးဖွဲ့ခဲ့ပါတယ်။ စာရေးဆရာတွေ၊ ဝေဖန်ရေးဆရာတွေက သူ့ကို ဘဝသရုပ်ဖော် စာရေးဆရာလို့ ပြောလိုက်တဲ့အတွက်ကြောင့် ငါ့ကိ်ုယ်ငါ စည်းဝိုင်းထဲ ဝင်သွားတယ်လို့ သူကပြောပါတယ်။ စာရေးဆရာ၊ ကဗျာဆရာ ဖြစ်တဲ့အတွက် စိတ်ခံစားမှုကတော့ ဖြစ်ကြတာပါပဲ။ သူရဲ့ပုဂ္ဂလိကခံစားချက်တွေကိုကျတော့ ရေးရင် ရေးမယ်။ ဒါပေမယ့် မဂ္ဂဇင်းတိုက်တွေ၊ လူထုစာဖတ်ပရိသတ်တွေကိုချပြဖို့အတွက်ကျ တော့ တွန့်ဆုတ်သွားတယ်လေ။ အဲဒါက အင်မတန်မှလေးစားထိုက်တယ်။ အတုယူ ထိုက်တယ်။ သူ့ရဲ့အတွေးအခေါ် သူရဲ့အယူအဆပေါ့။ ကိုယ်ရေးတဲ့စာကိုယ်တာဝန် ယူရမယ်ဆိုပြီးတော့ အမြဲတမ်းပြောလေ့ရှိပါတယ်။ ဒါတွေကို သူ့ဆီကနေ ကျွန်မလည်း သင်ယူရပါတယ်။

ဒီနေ့မှာ ငယ်ကျွမ်းဆွေတို့ စကားဝိုင်းခေါင်းစဉ်နဲ့ ဝိုင်းဖွဲ့ပြီးတော့ သူနဲ့ ကြုံခဲ့ရ တဲ့၊ ရင်းရင်းနှီးနှီးနေခဲ့ရတဲ့ကာလလေးတွေကို ဦးဆောင်ဆွေးနွေးတဲ့သူကပေးတဲ့ အပေါ်မူတည်ပြီး ဖြေကြားမှာဖြစ်ပါတယ်။ မိုးမိုး (အင်းလျား)လို ရိုးသားပြီး ဖြောင့်မတ်တဲ့ စာရေးဆရာမျိုး များများပေါ်ထွန်းပါစေလို့ ဆုတောင်းချင်ပါတယ်။ အဲဒီလိုလည်း ကြိုးစားစေချင်ပါတယ်။ လူတွေကို ဖြတ်လမ်းလိုက်တာတို့၊ နာမည်ကြီးချင်တာတို့၊ ကိုယ့်အရည်အချင်းမရှိဘဲနဲ့ မတန်မရာ မှန်းတာတို့ အဲဒါမျိုးတွေ မရှိဘဲနဲ့ရိုးရိုးသားသား နဲ့ ကြိုးစားစေချင်ပါတယ်။ ကိုယ်လည်းကြိုးစားနေရပါတယ်ဟုပြောသည်။

ဆရာမကြီး နီတာယဉ်ယဉ်မေ (မေအောင်စိုး) က မိုးမိုးနဲ့ တက္ကသိုလ်ကတည်း က ခင်ကြတာပါ။ အိမ်ထောင်ကျတဲ့အထိလည်း စာပေနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဆုံဖြစ်ကြတယ်။ မိုးမိုးကစည်းကမ်းရှိတယ်။ မိတ်ဆွေပေါင်းသင်းတဲ့အခါမှာလည်း ရွေးပေါင်းတယ်။ မိန်းမလည်း ပီသတယ်။ ချက်ပြုတ်တာ၊ အိမ်အထားအသိုကအစ ချစ်ဖို့ ကောင်းတာတွေ အများကြီးပါ။ ကျွန်မတို့ တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ ရင်းရင်းနှီးနှီးနေ ခဲ့ကြတယ်။ သူဆုံးသွားတာ ကျွန်မအတွက် ဘယ်လိုမှ မယုံနိုင်ဘူး။ အခု သူရဲ့ (၇၅) နှစ်ပြည့်ဆိုတော့ ဂုဏ်ပြုတဲ့အနေနဲ့ သွားမှဖြစ်မယ်ဆိုပြီး စမ်းစမ်းတင်နဲ့တိုင်ပင်တယ်။ တကယ်လို့ သူရဲ့ နှစ် (၁၀ဝ) ပြည့်ကို သူ့မိသားစု၊ သူ့သားသမီးတွေက လုပ်ရင်တောင် အဲဒီအချိန် ကျွန်မတို့ရှိမှာ မဟုတ်တော့ဘူး။ ဒီပွဲကို သွားမှဖြစ်မယ်ဆိုပြီး စမ်းစမ်းတင်က အမေရိက ကနေ၊ ကျွန်မက အင်္ဂလန်ကနေ အလုပ်တွေခွင့်ယူပြီးလာကြတာပါ။ ဒီနေ့ လာရတာ ဝမ်းနည်း၊ ဝမ်းသာဖြစ်ပါတယ်။ ဒီလိုအခမ်းအနားတစ်ခုလုပ်ဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ သူ့ကိုလည်းသိပ်ရှိစေချင်တယ်။ သူသာရှိရင်အလွန် ဝမ်းသာမှာပဲဟု ပြောသည်။

ပွဲတော်သို့ လာရောက်သည့် တောင်ဥက္ကလာပမြို့နယ်မှ မသော်သော်မိုးဦး က  မိုးမိုး (အင်းလျား)နဲ့ ပတ်သက်တဲ့ စာပေဟောပြောပွဲ ရှိတယ်ဆိုတော့ သင်တန်းတက် ရင်းနဲ့ လာဖြစ်တာပါ။ ဆရာမကြီးရဲ့ စာအုပ်တွေ တော်တော်များများဖတ်ဖြစ်ပါတယ်။ မှတ်မိသလောက်ဆိုရင် ပျောက်သောလမ်းမှာ စမ်းတဝါး၊ ငြိမ်းကိုရှက်ပါ၊ ရွှေတိဂုံကို မြင်လျှင်၊ နာမကျန်းသည်အိုနှင်းဆီ၊ သုံးလွန်းတင်မှကြိုး၊ အဲဒီအထဲက ပျောက်သော လမ်းမှာစမ်းတဝါးနဲ့ နာမကျန်းသည် အိုနှင်းဆီစာအုပ်ကို ပိုကြိုက်ပါတယ်။ ဆရာမကြီး မိုးမိုး(အင်းလျား)စာအုပ်တွေကို ဖတ်တဲ့အခါ အချစ်မှာဆို အချစ်ကိုပဲရေးဖွဲ့တာ မဟုတ်ဘဲနဲ့ အပြင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားတွေ၊ လူတွေကို အထူးပြုပြီး ရေးတာလို့ မြင်ပါတယ်။ ကိ်ုယ့်ပတ်ဝန်းကျင်မှာ ဖြစ်လေ့ဖြစ်ထရှိတာတွေကို ထုတ်ဖော်ရေးသားတာ တွေ့ရတယ်။ မိုးမိုး (အင်းလျား) ၊ ဂျာနယ်ကျော်မမလေးတို့လို ဝတ္ထုတွေ ဖတ်ဖြစ်တယ်။ တချို့က အဲဒီလို စာအုပ်တွေ မဖတ်ချင်ဘဲ သူတို့အတွက် ခွန်အားဖြစ်စေတဲ့ စာအုပ်တွေပဲ ဖတ်ချင်ကြတယ်။ အဲဒီလိုဖတ်မှ တိုးတက်မယ်လို့ အခုလူငယ်ပိုင်း တော် တော်များများတွေ့ရတယ်။ ဒီလိုသဘာဝအတိုင်းရေးထားတဲ့ စာရေးဆရာတွေရဲ့ အတွေးအမြင်တွေကို ဖတ်မယ်ဆိုရင်လည်း စိတ်ဓာတ်ခွန်အားတွေ ရစေတယ်လို့မြင်ပါတယ်။ ဆရာမ မိုးမိုး(အင်းလျား) ကွယ်လွန်သွားပြီဖြစ်သော်လည်း အမှတ်တရအနေနဲ့ ဒီပွဲတော်ကို လုပ်ပေးတဲ့အတွက် စာမဖတ်ဖြစ်တဲ့လူငယ်တွေလည်း စာဖတ်ဖြစ်မယ်။ စာအုပ်တွေဝယ်ဖြစ်မယ်လို့ ထင်ပါတယ်ဟု ပြောသည်။

ပွဲတော်တွင် ခေတ်အဆက်ဆက်မှ စာရေးဆရာ၊ ဆရာမကြီးများ၏ မှတ်တမ်း ဓာတ်ပုံများ၊ ခဲစာလုံးပုံနှိပ်ခေတ်ပြပွဲ၊ စာရေးသူ စာဖတ်သူ စကားဝိုင်း၊ ပန်းချီပြခန်း၊ ပန်းချီလက်တွေ့ရေးဆွဲခြင်း၊ ကာတွန်းပုံများပြသခြင်း၊ ပုံတူရုပ်ပြောင်များရေးဆွဲပေး ခြင်း၊ စာပေအနုပညာရှင်များ၏ သီဆိုဖျော်ဖြေတင်ဆက်မှုများ၊ အသေးစားနှင့်အလတ် စားစက်မှုလုပ်ငန်းများမှ ဆိုင်ခန်းများ၊ စာအုပ်အရောင်းဆိုင်များဖွင့်လှစ်ရောင်းချလျက် ရှိပြီး အဆိုပါ မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်ကို အောက်တိုဘာ ၂၇ ရက်တွင်လည်း ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။

သတင်း - မီမီဖြိုး

ဓာတ်ပုံ - ရဲထွဋ်