နေပြည်တော်၊ ၁၂ ဇွန်
နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မြို့မဈေးကုန်း ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ တေဇောသာရ မဟာထေရ်ဆရာတော်ကြီး၏ အန္တိမဈာပနအတွက် အလှူငွေများ ပေးအပ် လှူဒါန်းခြင်းကို ဆရာတော်ကြီး၏ ဉတုဇရုပ်ကလာပ်တော်ထားရှိရာ မြို့မဈေးကုန်း ပရိယတ္တိ စာသင်တိုက်(ဓမ္မာရုံသစ်)၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဉက္ကဋ္ဌနှင့် ဒုတိယဝန်ကြီး အမှူးပြုသည့် ဧည့်ပရိတ်သတ်များက ပျဉ်းမနားမြို့နယ်၊ ဆင်ဖြူတောင်ကူးတို့ဆိပ် ဘုန်းတော်ကြီးကျောင်း ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိလာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အလှူငွေကျပ် ၂၅ သိန်း၊ နေပြည်တော် ကောင်စီမှ အလှူငွေကျပ် ၂၅ သိန်းနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ အလှူငွေကျပ် ၁၅ သိန်းတို့ကို နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်ကြပြီး၊ ပျဉ်းမနားမြို့နယ်၊ ဆင်ဖြူတောင် ကူးတို့ဆိပ်ဘုန်းတော်ကြီးကျောင်း ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိလာသထံမှ သံဝေဂကထာတရားနာယူကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ ကြောင်းသိရသည်။
စိုးမိုး(ပြန်/ဆက်)


