မိုးမကျမီ သွားရောက်သင့်တဲ့ ကျိုက်ထီးရိုးဘုရားဖူးခရီး

 

 

အဲလက်စ်

 

ခရီးသွားအများစုက နွေကာလပွင့်လင်းရာသီကို ခရီးသွားရာသီအဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ခရီးသွားဖို့အတွက် ရာသီရွေးချယ်ဖို့ မအားလပ်သူတွေ၊  အေးအေးဆေးဆေး  လည်ပတ်လိုသူတွေက ခရီးသွားရာသီအကုန် မိုးဦးရာသီကို ရွေးချယ်တတ်ကြပါတယ်။ မိုးရာသီခရီးသွားခြင်းတွေရဲ့ ကောင်းခြင်းတွေကလည်း တစ်ပုံတစ်ပင်ရှိပါတယ်။ အစားအစာတွေ လတ်ဆတ်တာ၊  တည်းခိုရတာ ပိုအဆင်ပြေတာနဲ့ ခရီးသွားစရိတ် လျှော့ချနိုင်တာ၊ လူရှင်းတာတွေက အားသာချက်တွေဖြစ်ပါတယ်။

 

မွန်ပြည်နယ်က  သဘာဝရေမြေတောတောင် ရှုခင်းတွေသာယာပြီး မိုးများတဲ့ဒေသမို့ မိုးမကြောက် သူတွေအဖို့ကတော့  မိုးတွင်းမှာလည်း လည်ပတ်စရာတွေ  သိပ်ကိုများပါတယ်။  အဲဒီအထဲကမှ နွေ၊ မိုး၊  ဆောင်း ဥတုသုံးရာသီစလုံး ကမ္ဘာကျော် ကျိုက်ထီးရိုးဆံတော်ရှင်ကို ဖူးမြော်နိုင်တယ်ဆိုတာ ကို သတင်းကောင်းပါးပါရစေ။

 

ကျိုက်ထီးရိုးစေတီတော်ကြီးကို တစ်နှစ်တာပိတ်ရက်မရှိ ဖွင့်လှစ်ထားတာဖြစ်ပြီး ပွင့်လင်းရာသီ ကတော့ ဘုရားဖူးတွေအများဆုံး လာရောက်ကြပေမယ့် မိုးတွင်းလာရောက်တဲ့ ခရီးသွားအရေအတွက် ကလည်း သူ့အတိုင်းအတာနဲ့သူ ရှိပါတယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသည်ဝင်ရောက်မှုအနေနဲ့ ၂၀၂၂-၂၀၂၃ ခရီးသွားရာသီကာလအတွင်းမှာ ဘုရားဖူး တစ်သိန်းခြောက်သောင်းကျော် ဝင်ရောက် ထားပါတယ်။

 

ရန်ကုန်ကနေ ပဲခူးဘုရားကြီး လမ်းခွဲ၊ ဝေါ၊ ညောင်ခြေထောက် စတဲ့မြို့တွေကို ဖြတ်သန်းသွား ရမှာဖြစ်ပြီး လမ်းမှာစစ်ဆေးရေးဂိတ်တွေရှိလို့ မှတ်ပုံ တင်တော့ မဖြစ်မနေပါသွားရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ကားနဲ့ သွားမယ်ဆိုရင် နံနက်စောစောထွက်နိုင်ရင် အဆင်ပြေပေမယ့် ညနေ နေအေးချိန်လောက် စထွက်မယ့်သူတွေအတွက်တော့ လော့ခ်ဒေါင်းအချိန်တွေကို ကြိုတင်လေ့လာပြီးမှ ၃၉ မိုင်မှာ ညအိပ်၊ မနက်စောစော ညောင်ခြေထောက်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းပြီး နာရီအနည်းငယ်အတွင်း ကျိုက်ထိုမြို့ကို ရောက်ရှိနိုင်ပါပြီ။ ခရီးသွားကားတွေနဲ့ သွားမယ့် ခရီးသည်တွေကတော့ စိတ်ပူစရာမလိုဘဲ သူတို့အစီအစဉ်တွေအတိုင်း လိုက်ပါရုံပါပဲ။ ခရီးသွားကား တွေက ကုန်တင်ကားတွေလို တန်းစီစောင့်ဆိုင်းစရာ သိပ်မလိုတာကိုလည်း မြင်တွေ့ရပါတယ်။

 

ကျိုက်ထိုမြို့အကျော် ကျိုက်ထီးရိုးတောင်ခြေကင်ပွန်းစခန်းကနေ တောင်တက်ကားခက လူတစ်ဦးကို ငွေကျပ် ၄၀၀၀ ပေးရပြီး ရသေ့တောင်အထိ တောင်တက်ကားစီးပြီး တောင်ပေါ်ကို ကေဘယ်လ်ကားနဲ့ တက်လို့လည်း ရပါတယ်။ ကေဘယ်လ်ကားခကတော့ လူတစ်ဦးကို ကျပ် ၈၀၀၀ ဝန်းကျင်ရှိပါတယ်။

 

နွေရာသီ အပူရှောင်လိုသူတွေအတွက်တော့ အေးမြတဲ့လေနဲ့ လတ်ဆတ်တဲ့ ရွက်နုတွေရဲ့ ရနံ့ကြောင့် အတော်လေးအဆင်ပြေစေမှာပါ။ အားလုံးသိတဲ့အတိုင်း ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားကို အရုဏ်ဆွမ်းလှူတာ၊ ရင်ပြင်တော်ပေါ်မှာ သံဃာတော်တွေကို ဆွမ်းလောင်းတာတွေကလည်း စိတ်ကို လန်းဆန်းစေပါတယ်။

 

နေ့ချင်းပြန်သွားမယ့်သူတွေအတွက် ရင်ပြင်တော်ပေါ်ကနေ ၁၅ မိနစ် လမ်းလျှောက်ရင်ရောက်မယ့် ကျီးကန်းပါးစပ်ကိုလည်း ရောက်အောင်သွားပြီး အလှူငွေထည့်လှူဆုတောင်းရင်း ကျိုက်ထီးရိုးရဲ့ အလှပဆုံးရှုခင်းတွေကို ကြည့်ရှုနိုင်ပါတယ်။ တောင်ပေါ်ညအိပ်မယ့်သူတွေအဖို့ကတော့ ကျောက်ထပ်ကြီးဘုရား စတဲ့ထင်ရှားတဲ့နေရာတွေကို ဆက်လည်ပတ်လို့ ရပါတယ်။

 

mdn

 

ကျောက်ထပ်ကြီးဘုရားကို ရင်ပြင်ကနေ တစ်နာရီခွဲ နှစ်နာရီလောက် ထပ်မံသွားရတာဖြစ်ပြီး Trekking အရသာကို ခံစားနိုင်စေပါတယ်။

 

ကျိုက်ထီးရိုးရင်ပြင်တော်ပေါ်မှာ ထမင်းစားရင် အခမဲ့တည်းခိုနိုင်တဲ့ တည်းခိုခန်းလေးတွေကို တွေ့ရသလို လာရောက်တဲ့သူ သိပ်မများတဲ့အတွက် ဈေးနှုန်းလျှော့ချပေးနေတဲ့ ဟိုတယ်တွေကိုလည်း မြင်တွေ့ရပါတယ်။

 

မိုးဦးကျကာလမို့ မိုးကာနဲ့ ထီးတွေ မပါမဖြစ် ယူဆောင်ပြီး ရန်ကုန်မြို့နဲ့ နီးနီးနားနား နေ့ချင်းပြန် ဖြစ်ဖြစ်၊ တစ်ညအိပ်ဖြစ်ဖြစ် သွားရောက်မယ်ဆိုရင်တော့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်က အတော်လေး အဆင်ပြေစေမှာပါလို့ အကြံပြုပါရစေ။ အားလုံး ကျန်းကျန်းမာမာနဲ့ ခရီးသွားနိုင်ကြပါစေ။ ။