၁၈ မတ်

 

၁၉၄၉  ဝန်းကျင်ကာလ  မန္တလေး  ၂၈  လမ်း  ရှေ့တော်ပြေးဝင်း မြောက်ပေါက်ရှိ ဆရာမြို့မငြိမ်းအိမ်တွင် ဂီတ အနုပညာ အပေါင်းအသင်းများ၊  တပည့်များဖြင့် ဂီတအလုပ်ကို   နောက်ဆံမငင်တမ်း   လုပ်နေကြသည်။ တကယ်လည်း နောက်ဆံမငင်တမ်းလုပ်ခဲ့ကြနိုင်ခြင်းက ဆရာငြိမ်း၏ အဘွားဖြစ်သူ ဒေါ်မမလေးက သားအချစ်မြေးအနှစ်ဟုဆိုသည့်အတိုင်း   ‘မြေးချစ်’   အတွက်လိုအပ်သမျှ နောက်ကွယ်မှ စောင့်ရှောက် ကူညီပေးနေသည့်အတွက်ဖြစ်သည်။ ထို့ကြောင့်လည်း အသင်းတိုက်တွင် မရှိသောအချိန်၌ ၂၈ လမ်းအိမ်မှာပဲ တစုတဝေး အမြဲရှိကာ ရေးစပ်ကြ၊ သီဆိုကြ၊ တီးမှုတ်နေကြခြင်း ဖြစ်၏။

 


ပြည်တွင်းစစ်မီးကြီး၏ ဂယက်

 

ထိုအချိန်တွင် ပြည်တွင်းစစ်မီးကြီး၏ ဂယက်တစ်ခုက ဆရာမြို့မငြိမ်းမိသားစုအပေါ် ရိုက်ခတ်လာသည်။ အထူးသဖြင့် ဆရာငြိမ်းအပေါ် တိုက်ရိုက် ရိုက်ခတ်လာ ခြင်းလည်း မည်ပါ၏။ ဆရာကိုယ်နှိုက်က ညီအစ်ကိုရင်း တစ်ဦးပမာ ချစ်ခင်ခဲ့ရသော   ဝမ်းကွဲညီတစ်ဦးက ပြည်တွင်းစစ်၏ သားကောင်တစ်ဦးဖြစ်ကာ အသက်ဆုံးရှုံးလိုက်ရသည့် အဖြစ်အပျက်ကို ကြုံလိုက်ရသည်။ ဆရာ့မျက်စိအောက် မျက်ဝါးထင်ထင်မို့ ထိုအနိဋ္ဌာရုံဒဏ်ကို ဆရာမခံနိုင်၊ စကားလုံးအနုအလှ၊ တေးသွားအနုအလှ၊ အတွေးအခေါ်အနုအလှလေးတွေ စီစီရီရီထွက်တတ်သည့် ဆရာ့ဦးခေါင်းက ထိုကြမ်းတမ်းမှု အနိဋ္ဌာရုံဒဏ်ကိုမခံနိုင်။

 


ဆရာ့အိမ်မှာ အသင်းသားအပေါင်းအသင်း တပည့်တပန်းတွေ ပျော်ပျော်ပါးပါး    လက်စွမ်းပြလေ့ရှိသည့် “နီတျာတျာ   ရှေးစာ   ရာမလေးလိုသဏ္ဍာန်”   ဟုသီချင်းကိုမစဖြစ် နီတျာတျာ အသံကြားသည်နှင့် ဆရာ့စိတ်တွေ ကြမ်းတမ်းလာသည်။ သမီးကြီး မတင်ကြည်၏ အင်္ကျီအနီလေးလျှော်၍ လှမ်းထားသည်ကို မြင်သည်နှင့်ပင် ဆရာ့မှာ နေစရာမရှိ။ ဤသို့ဖြင့် မိသားစုက ဆရာ့ကိုဂရုစိုက်ပြန်ပြုစုကြရသည်။ ဂီတအလုပ်များလည်း ခေတ္တအနားပေးထား။     ဓားတန်းအသင်းတိုက်နှင့်လည်း ခေတ္တဝေးသွားချိန်။

 


စာဆိုတော်နေ့အခမ်းအနားကျင်းပဖို့

 

ထိုအချိန် ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာလတွင် အထက မြန်မာနိုင်ငံစာရေးဆရာများနှင့်  တွေ့ဆုံမိတ်ဆက်ကာ စာဆိုတော်နေ့ အခမ်းအနားကျင်းပဖို့ အောက်မြန်မာနိုင်ငံမှ စာရေးဆရာများ မန္တလေးသို့ ရောက်ရှိလာကြသည်။ ထိုရက်မတိုင်မီ နိုဝင်ဘာလ ၇ ရက်မှ စတင်ကာ ဒီဇင်ဘာ ၈ ရက်အထိ ဝန်ကြီးချုပ် ဦးနုကလည်း မန္တလေးမှာ တစ်လကြာ ရုံးထိုင်နေခဲ့သည်။

 


ရန်ကုန်မှ စာရေးဆရာအဖွဲ့တွင် ဆရာဒဂုန်တာရာလည်း ပါဝင်သည်။ ဆရာ ဒဂုန်တာရာက ၁၉၃၅ ခုနှစ်ဝန်းကျင်ကတည်းက   သီချင်းများမှတစ်ဆင့် ဆရာ မြို့မငြိမ်းကို ချစ်ခင်လေးစားနေသူဖြစ်သည်။ ‘ပေါ်ငွေလ လျှင် ...’ အစချီရတုကို ထည့်သွင်းစပ်ဆိုထားသည့် နတ်သျှင်နောင်သီချင်းက စာသား အဖွဲ့အနွဲ့၊ အသံသစ်လွင်မှုတို့ဖြင့် ခံ့ညားကျက်သရေရှိခြင်းဂုဏ်ဖြင့် စွဲလမ်းခဲ့သူဖြစ်သည်။ သက်ဝေ၊ ပျို့ မှာတမ်းစသော သီချင်း များကိုလည်း စန္ဒရားခုံသို့ ထိုင်မိလျှင် ဆရာဒဂုန်တာရာ အမြဲတမ်းတီးခတ်ဖြစ်သော သီချင်းများဖြစ်သည်ဟုဆို၏။

 


ထို့ကြောင့်လည်း ၁၉၅၀ ပြည့်နှစ် မန္တလေးရောက်တော့ မန္တလေးစာရေးဆရာများနှင့် မိတ်ဆက် ညစာစားပွဲမှာ မန္တလေးသားစာရေးဆရာ ဆရာ မြမျိုးလွင်အား “မြို့မငြိမ်းကို တွေ့ချင်တယ်ဆရာ၊ မိတ်ဆက်ပေးစမ်းပါ” ဟု ဆရာဒဂုန်တာရာက ပြောဖြစ်ခဲ့သည်ဆို၏။

 


ဘယ်သူနဲ့မှ မတွေ့ချင်ဘူးနဲ့တူတယ်

 

ထိုအခါ ဆရာမြမျိုးလွင်က “ယခုအခါမှာတော့မြို့မငြိမ်းက ဘယ်သူနဲ့မှ မတွေ့ချင်ဘူးနဲ့တူတယ်” ဟုဆိုသတဲ့။  ဆရာဒဂုန်တာရာက    ထိုအကြောင်းကို မန္တလေးမြို့မတူရိယာအသင်း  စိန်ရတုမဂ္ဂဇင်းပါ “မြို့မငြိမ်း”     ဆောင်းပါး၌      ဤသို့ရေးသားထားသည်။

 


‘မန္တလေးတွင် အတွေ့ချင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ရှိသည်။ ထိုသူသည် အခြားမဟုတ် မြို့မငြိမ်းဖြစ်သည်။ ကျွန်တော်တို့ကို ဧည့်ခံသော ထမင်းစားပွဲတွင် ကျွန်တော်နှင့် ကပ်လျက်မှာ ဆယ်ကျော်သက်အရွယ် စတင်သိကျွမ်းခဲ့သော ဝတ္ထုရေးဆရာကြီး မြမျိုးလွင်၊ သူ့ကိုကျွန်တော်က “မြို့မငြိမ်းကို တွေ့ချင်တယ်ဆရာ၊ မိတ်ဆက်ပေးစမ်းပါ” ဟု ပြောလိုက်သည်။ ထိုအခါ သူက “ယခုအခါမှာတော့ မြို့မငြိမ်းက ဘယ်သူနဲ့မှမတွေ့ချင်ဘူးနဲ့ တူတယ်”  ဟု  ပြောသည်။  ကျွန်တော်ငြိမ်သွားရသည်။ ထိုအခါ ဧည့်ခံပွဲများ ဆက်တိုက်ဖြစ်နေ မအား၊ မြို့မငြိမ်းကိုတွေ့ရန် ဘယ်သူ့ကို ပြောရမလဲဆိုတာလည်း ကောင်းစွာမသိ။ ရက်ကလည်းနည်း၊ သို့ဖြင့်ကျွန်တော် မြို့မငြိမ်းကို  မတွေ့ခဲ့ရ။ ဆရာကြီးမြမျိုးလွင်စကားရပ်ကိုလည်း ကောင်းစွာနားမလည်။

 


သို့သော် ကျွန်တော် ထပ်မမေးခဲ့။ ထို့ကြောင့် မြို့မငြိမ်းနှင့် မတွေ့ခဲ့ရခြင်းဖြစ်သည်” ... တဲ့။

 


လူကြီးလူကောင်း စိတ်ဓာတ်

 

ဆရာဒဂုန်တာရာကား ထိုဆောင်းပါး ရေးသားသည့် ၁၁-၁၁-၉၉ နေ့အထိ ထိုကိစ္စအပေါ် နားမလည်နိုင်ဘဲ ဖြစ်ခဲ့ပေလိမ့်မည်။ တကယ်တော့နူးနူးညံ့ညံ့ ချစ်စဖွယ် အလှအပလေးတွေကိုသာ တွေးတောခံစားခဲ့သော ဆရာမြို့မငြိမ်း၏  နှလုံးသားနှင့် ဦးနှောက်မှာ ရုတ်ခြည်း ဝင်ဆောင့်လာသော အနိဋ္ဌာရုံကြမ်းတမ်း ခက်ထန်မှုကိစ္စတစ်ခုကြောင့် စိတ်ကျန်းမာရေးအားနည်းမှု ဖြစ်နေခြင်းကို မိသားစုက ထိန်းသိမ်းစောင့်ရှောက်နေရခြင်းအား ဆရာမြမျိုးလွင်အပါအဝင် မြို့မိ၊ မြို့ဖ၊ မန္တလေး မြို့သားများက သိရှိကာ ကရုဏာသက်နေသဖြင့်  ဆရာမြမျိုးလွင်ကဲ့သို့  နှုတ်မူရေးရာ   ကျွမ်းကျင်လိမ္မာသူက ကာယကံရှင် ဆရာမြို့မငြိမ်းအား မထိခိုက်စေဘဲ “ဧည့်သည်”အား နူးညံ့စွာ အသိပေးလိုက်ခြင်းပင်ဖြစ်ပါ၏။ ဧည့်သည်ကလည်း အတင်းအကျပ် မတောင်းဆိုခဲ့။ သို့သော် အခြေအနေမှန်ကိုလည်း မသိခဲ့။ သိစရာလိုအပ်သည်ဟုလည်း လောဘမတက်ခဲ့။ သည်ဖြစ်ရပ်လေးက အမှတ်မထင်ဖြစ်ငြား အဆင့်မြင့် ယဉ်ကျေးဖွယ်ရာသော လူကြီးလူကောင်း စိတ်ဓာတ်များမို့ စံထားအတုယူရကြရပေမည်။

 


ဤသို့ဖြင့် ကျန်းမာရေးအခြေအနေကြောင့် ဓားတန်းရပ်ရှိ မြို့မအသင်းတိုက်သို့ ဆရာမြို့မငြိမ်း မသွား ဖြစ်ခဲ့တာကြာပေပြီ။   မကြာမီ    ရက်ပိုင်းအတွင်း နေကောင်းလာသော်လည်း လက်စနှင့် အသင်းတိုက်ဘက်သို့ မရောက်ဖြစ်။ အသင်းတိုက်မှာက ဦးဆောင်သူအသစ်များနှင့် ခရီးဆက်နေကြသည်။ သည်လိုလည်း ဖြစ်နေတာပဲဟုဆိုကာ ဆရာငြိမ်းက အိမ်မှာပဲနေနေသည်။ အသင်းတိုက်က အသင်းသားတွေကလည်း မလာတော့ သူကလည်း သူတို့ ဒို့ကို မလိုတော့လို့နေမှာပဲဟူသော လူကြီးလူကောင်းစိတ်ဓာတ်ဖြင့် အသင်းတိုက်သို့မရောက်ဖြစ်။ ထိုအခါ ဓားတန်းဦးသန့်က သူချစ်ခင်လေးစားရသော မြို့မငြိမ်း ကျန်းမာနေတာကို သိနေသော်လည်း    ဓားတန်းမြို့မအသင်းတိုက်မှာ   မြို့မငြိမ်းလိုပုဂ္ဂိုလ်ကို ပြန်လည်မမြင်ရသောအခါ ကိုငြိမ်းမလာတာကို သွားခေါ်ရမှာ အသင်းရဲ့တာဝန်လေ၊ ဒီတာဝန်ကိုမပျက်ကွက်ကြပါနှင့်ဟု မြို့မအသင်းသားများကို သတိပေးလိုက်ရသတဲ့။  ဒါကလည်း  လေးစားဖွယ်  လူကြီးလူကောင်းစိတ်ဓာတ်ပဲ ဖြစ်သည်။

 

ဆူးငှက်