မိုးနဲ၊ ၂၅ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ရိုးရာမိုးခေါ်ပွဲကို နားခံကျေးရွာအုပ်စု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေရှိ စက်တော် ဘုန်းတော်ကြီးကျောင်းတွင် မေ ၂၅ ရက် နံနက် ၈ နာရီက ကျင်းပရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် ပင့်သံဃာတော်များ၊ မိုးနဲမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူများတက်ရောက်ကာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တမာဃိန္ဒ က ဗုဒ္ဓနေ့ဖြစ်ပေါ်လာပုံကို ဟောကြားတော်မူသည်။
အခမ်းအနားတွင် နိဗ္ဗာန်ဈေးဖွင့်၍ စတုဒိသာကျွေးမွေးသူများ၊ ဘုရားပန်း၊ ဆီမီးကပ်လှူပူဇော်သူများ၊ ရိုးရာမိုးခေါ်ပွဲကို မီးဒုံးမီးရှူး အပြိုင်အဆိုင်ပစ်လွှတ်သူများ၊ ရှမ်းလူငယ်များက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးရေး၊ ပလတ်စတစ်ကင်းစင်နယ်မြေအဖြစ် ပလတ်စတစ်များ စနစ်တကျစွန့်ပစ်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး ကုသိုလ်ယူသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


