မိုးနဲ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်(မွမ်းမံ) ခွင့်ပြုရန်ပုံငွေဖြင့် ကွန်နားကျေးရွာအုပ်စု ကွန်နားကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်တံတားကို ပြည်နယ်(မွမ်းမံ) ခွင့်ပြုရန်ပုံငွေ ၁၉ ဒသမ ၂၀၈ သန်းဖြင့် (G.F.W) တောင်ကြီး ဆောက်လုပ်ရေးကုမ္ပဏီက တံတားအရှည်ပေ ၂၀၊ အကျယ် ၁၆ ပေ နှင့် အမြင့် ၈ ပေရှိ ကွန်ကရစ်တံတားကို တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ရာ ကွန်ကရစ်တံတား တည်ဆောက်မှုလုပ်ငန်း ပြီးစီးသွာ ပြီဖြစ်ကြောင်း သိရသည်။
ကုန်ထုတ်လမ်းကွန်ကရစ်တံတား တည်ဆောက်မှု ပြီးစီးသွားပြီ ဖြစ်သည့်အတွက် ကွန်နားကျေးရွာရှိ အိမ်ထောင်စု ၆၀ စုတို့၏ ကုန်စည်စီးဆင်းမှု၊ လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေချောမွေ့မှုကို တိုက်ရိုက် အကျိုးပြနိုင်သည့်အပြင် ကျေးရွာအုပ်စုအတွင်းရှိ ကုန်းကျောင်းကျေးရွာ၊ နမ့်မော်လေကျေးရွာနှင့် လွိုင်လင်း ကျေးရွာနေ ပြည်သူများအနေဖြင့်လည်း ကုန်ထုတ်တံတားကိုအသုံးပြု၍ ဒေသထွက်ကုန်များကို လွယ်ကူ လျင်မြန်စွာ ပို့ဆောင်သွားလာနိုင်မည့် တံတားတစ်စင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


