မိုးနဲ ၁၂ ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် စည်ပင်သာယာရေးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် မိုးနဲမြို့မဈေး မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဈေးအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မြို့မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက်က မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ်များအား စနစ်တကျထားရှိရန် မီးလောင်မှုဖြစ်ပွားလျှင် မီးသတ်ဆေးဘူးအား စနစ်တကျ သုံးစွဲတတ်ရန်၊ မီးသတ်ဆေးဘူးများ အသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်မီးသတ်ဉီးစီးဌာန၊ မြို့နယ်မီးသတ်ဉီးစီးမှူးနှင့် အဖွဲ့ဝင်များက ဈေးမြေကွက်လပ်၌ လက်တွေ့သရုပ်ပြ လေ့ကျင့်ရာတွင် ဆီမီးလောင်မှုအား ဈေးသူဈေးသားများကိုယ်တိုင် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်စေခြင်းနှင့် မီးသတ်ကားဖြင့် မီးငြှိမ်းသတ်မှုများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသရုပ်ပြပွဲသို့ မိုးနဲမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်နှင့် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)