မိုးနဲ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အစေ့ချကိရိယာ (Seeder)ဖြင့် DU-12 စပါးမျိုး ၆ ဧကကို နောင်မြိုင်းကျေးရွာအုပ်စုနှင့်နမ့်မော်ဆွမ့် ကျေးရွာအုပ်စုတို့၌ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဆက်လက် စမ်းသပ်စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

DU-12 မျိုးစပါးကို နှစ်ရက်ကြာ ရေစိမ်အညှောင့်ဖောက်ထားကာ မျိုးစပါးစေ့၏ အစာပါးစပ်ပြူချိန်တွင် လယ်အတွင်းသို့ အစေ့ချကိရိယာ(Seeder)ဖြင့် တိုက်ရိုက်စိုက်ပျိုးရခြင်းဖြစ်ပြီး နမ့်မော်ဆွမ့်ကျေးရွာအုပ်စု တောင်သူမေထာ၏ လယ် သုံးဧကနှင့် နောင်မြိုင်းကျေးရွာအုပ်စု တောင်သူ ဦးစိုင်းကျော်ဦး၏ လယ် သုံးဧက စုစုပေါင်း ၆ ဧကတို့တွင် စမ်းသပ်စိုက်ပျိုးထားကြောင်း သိရသည်။

အဆိုပါ အစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းအားဖြင့် စပါးမျိုး ပျိုးထောင်ချိန် အချိန်ကုန်သက်သာခြင်း၊ ပျိုးနုတ်ခြင်းနှင့် ရွေ့ပြောင်းစိုက်ပျိုးမှု သက်သာခြင်း၊ အလုပ်သမား ရှားပါးမှုနှင့် လုပ်အားခသက်သာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦး၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ (ပြန်/ဆက်)