မိုးနဲ ၅ ဒီဇင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လင်းခေးခရိုင် မိုးနဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ချည်ထိုး၊ ပန်းထိုး နှင့်ပန်းကြယ်သီးထိုး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နောင်ထွေးက သင်တန်းဖွင့်လှစ်ပေးခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းတင်ပြပြီး သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအားပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကာ သင်တန်း နည်းပြ ဒေါ်တင်မို့မို့က သင်တန်းသူ ၂၀ ကို ယခုလ ၂၀ ရက်နေ့အထိ လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)