မိုးနဲ ၁၆ ဇွန်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ ခွင့်ပြုရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး ဝက်မွေးမြူရေး လုပ်ငန်းများလုပ်ကိုင်ရန် ရည်ရွယ်၍ ဒေသဝက်မျိုးသားပေါက်များ အခမဲ့ ဖြန့်ဖြူးပေးခြင်း အခမ်းအနားကို မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုင်ဖယ်ကျေးရွာတွင် ယနေ့နံနက် နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခိုင်မြဲစည်သူက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုးအဖြစ် ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးနှင့် ဝက်သားပေါက်များ အခမဲ့ ဖြန့်ဖြူးပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၀ ဖြင့် ဝက်သားပေါက် ကောင်ရေ ၂၀ ကို ကျေးရွာနေ ဝက်မွေးမြူလိုသူ အိမ်ထောင်စု ၂၀ ကို အိမ်ထောင်စုတစ်စုလျှင် တစ်ကောင်နှုန်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အိမ်ထောင်စုအလိုက် ဝက်သားပေါက်များကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)