မိုးနဲ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်ရှိ ကျေးရွာအများစုတွင် ဆောင်းနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရိတ်သိမ်းချိန်တွင် နေကြာအောင်စေ့များ ရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း ဝမ်ယေးကျေးရွာနေ ဆောင်းနေကြာ စိုက်ပျိုးတောင်သူ ဦးမျိုးအောင်က ပြောပြသည်။
မိုးနဲမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာကို ယခင်က စိုက်ပျိုးသူနည်ပါးသော်လည်း ယခုအခါ စားသုံးဆီဖူလုံရေး၊ မိသားစုအပိုဝင်ငွေရရှိရေးအတွက် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နေကြာသီးနှံကို သီးထပ်၊ သီးညှပ်စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးထဲ စိုက်ပျိုးကြသည် များလည်း ရှိကြောင်း၊ ဆောင်းနေကြာ စိုက်ပျိုးခြင်းအား စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင် ကြဲပက်စိုက်ပျိုးကြကြောင်း၊ နေကြာသက်တမ်း လေးလကြာလျှင် ရင့်မှည့် ခူးဆွတ်ကြရပြီး ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးကောင်း မျိုးသန့်များကို တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများ လက်ဝယ်အရောက် ၂၅ ဧက အတွက် နေကြာမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ထွက်ရှိလာသည့် နေကြာများကို မိမိတို့ အရပ်ဒေသရှိ ကြိတ်စက်များဖြင့်ကြိတ်ကာ နေကြာဆီအဖြစ် မိမိတို့နေအိမ် မိသားစုစားသုံးဆီအပြင် ပြန်လည်ရောင်းချရာတွင်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ဆောင်းနေကြာကို မိုးနဲမြို့နယ်ရှိ ဝမ်ဟေကျေးရွာ၊ ဝမ်ယေးကျေးရွာ၊ ပန်အူကျေးရွာ၊ နားခံကျေးရွာနှင့် ဆိုက်ဖယ်ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ဆောင်သီးနှံ နေကြာ ၄၃ ဧကကျော် စိုက်ပျိုးထားရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာနှင့် သွင်းအားစုများကို လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦး၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)