မိုးနဲ   စက်တင်ဘာ   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီမှုရှိမည့် တာမဲဂူ၊ ခေါက်ဖီပန်၊ ကောက်မဲ၊ ကုန်းမြင့်နှင့် Yn-323026-B4 စသည့် တောင်ယာစပါးမျိုး ၅ မျိုးကို ဝမ်ဟေကျေးရွာအုပ်စု တောင်သူ ဦးလုံးတေ၏ တောင်ယာခင်းအတွင်း မျိုးတစ်မျိုးလျှင် အကျယ် ၅ မီတာသုံးကွက်စီ စမ်းသပ်စိုက်ပျိုးထားရှိရာ ရှင်သန်အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

စမ်းသပ်စိုက်ပျိုးထားသော တောင်ယာစပါးခင်းသို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သောဓာတ်မြေဩဇာ ကြဲပက်ခြင်းများ ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာစပါးမျိုးများ စမ်းသပ်စိုက်ပျိုးထားခြင်းအားဖြင့် ဒေသတွင်း တောင်ယာစပါးမျိုးသစ် ပေါ်ထွက်လာစေရန် ဒေသနှင့်သင့်လျော်ပြီး စားသုံးမှုအရည်အသွေးနှင့် ထွက်နှုန်းသင့်တင့်စွာ ရရှိနိုင်မည့် ယာစပါးမျိုးများရရှိရန်နှင့် ယာစပါးအရည်အသွေး ကောင်းမွန်ပြီး စားသုံးသူ ကြိုက်နှစ်သက်စေမည့် ယာစပါးမျိုး ရွေးချယ်စိုက်ပျိုးနိုင်လာစေရန် စသည့်ရည်ရွယ်ချက်များနှင့် စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)