မိုးနဲ ၂၂ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် (FARM LINK) ဖန်းလင့်ကုမ္ပဏီတို့ပူပေါင်း၍ ပြောင်းစိုက်တောင်သူများအား ငမြှောင်တောင်ဖျက်ပိုး ကာကွယ်နှိမ်နင်း နည်းပညာပေးခြင်း၊ ပိုးသတ်ဆေးနှင့် ဆေးဖျန်းပုံးများ အခမဲ့ မဲဖောက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ချမ်းသာကြီးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (FARM LINK) ဖန်းလင့်ကုမ္ပဏီမှ အရောင်းမြှင့်တင်ရေးမန်နေဂျာ သိန်းနိုင်ထွန်းနှင့် အဖွဲ့က (FAW) ဖော ငမြှောင်တောင်ပိုး ကျရောက်မှုအပေါ် နှိမ်နင်းနိုင်သည့် ဆေးအမျိုးအစားများ အချိုးကျပေါင်းစပ် သုံးစွဲနည်းနှင့် ဆေးဖျန်းပုံး စနစ်တကျ ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ များကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးငိုပွယ်က ဒေသခံပြောင်းစိုက်တောင်သူများ နားလည်သဘောပေါက်စေရန် ရှမ်းဘာသာဖြင့် ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဒေသခံပြောင်းစိုက်တောင်သူ ၂၀ဝ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား (FAW) ဖော ငမြှောင်တောင်ပိုးသတ်ဆေး အမဲနက် အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ဆလပ်ပလပ် အတွဲ ၂၀ နှင့် ဆေးဖျန်းပုံး ၁၅ ပုံးတို့ကို အခမဲ့ မဲဖောက်ပေးခဲ့ကာ မဲပေါက်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် (FARM LINK) ဖန်းလင့်ကုမ္ပဏီမှ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


