မိုးနဲ ၁၆ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးနဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုဆိုင်ရာ အသိပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်က (2019-nCoV) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ လျင်မြန်စွာကူးစက်တတ်သော ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသောကြောင့် အဆိုပါကူးစက်ရောဂါ ဖြစ်ပွားနေသောဒေသမှ ပြန်လာသူများအနေဖြင့် မိမိထံမှတစ်ဆင့် ထပ်မံကူးစက်ခြင်းမရှိစေရန် လိုက်နာရမည့် အချက်များကိုလည်းကောင်း၊ နှာချေ၊ ချောင်းဆိုးသည့် အခါတိုင်း နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံစွာဖုံးအုပ်ခြင်းဖြင့် မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်ကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများ ကူးစက်ခြင်းမှကာကွယ်ရန် လိုအပ်ကြောင်း၊ Novel Coronavirus ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများကိုလည်းကောင်း၊ ကမ္ဘာ့နိုင်ငံများတွင် Novel Coronavirus ရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ ရောဂါပိုးများအား လက်နှင့် ကိုင်တွယ်ထိတွေ့ရာမှတစ်ဆင့် ကူးစက်နိုင်သဖြင့် စနစ်တကျ လက်ဆေးရန် လက်ဆေးနည်းအကြောင်းကိုလည်းကောင်း၊ (2019-nCoV) ဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုခံယူခံရန် အသိပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်းများက 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)