မိုးနဲ   ၂၀    ဖေဖော်ဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ပူပြင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီ ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရန် မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်ကိုကိုသက် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်အတူ လှည့်လည်စစ်ဆေးခြင်းနှင့် အသိပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက မြို့တွင်း ဈေးဆိုင်ခန်းများ၊ လူနေအိမ်များနှင့်တည်းခိုခန်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့ဆောင်ရွက်ရာ၌ ပြည်သူများမီးအသုံးပြုရတွင် စနစ်တကျ အသုံးပြုစေရေး၊ မီးချိတ်/ မီးကပ်များနှင့် သဲများ၊ မီးသတ်ဆေးဘူးများ၊ ရေကန်များအတွင်း ရေအသင့်ထားရှိရေး၊ ဖယောင်းတိုင်နှင့် အမွှေးတိုင်တို့ဖြင့် ဘုရားမီးပူဇော်ရာတွင် မီးစာကုန်သည်အထိ စောင့်ကြည့်ရေး၊ ရပ်ကွက်/ ကျေးရွာများအတွင်း မီးတားလမ်းများကို ရှင်းလင်း ဆောင်ရွက်ထားရေးနှင့် လျှပ်စစ်မီးသုံးစွဲရာတွင် လိုက်နာဆောင်ရွက်ရမည့် အကြံပြုချက်များကို လှည့်လည်စစ်ဆေးခြင်းနှင့် အသိပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)