မိုးနဲ ၂၃ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် ယခုနှစ် မိုးရာသီ စိုက်ပျိုးရေးကာလ၌ တောင်သူများ စပါးပိုမိုထွက်ရှိရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိရေးအတွက် ယနေ့ နံနက် ၇ နာရီက နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ကွင်းအမှတ်(၉၈) တောင်သူကြီး ဦးထွန်းလိုင်၏ လယ်မြေ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ၌ “စပါးမျိုးမှန် အပင်သန် ဆားရည်စိမ်၍ စိုက်ပျိုးရန်” ဟူသော စိုက်ပျိုးရေးဦးစီးဌာန၏ ဆောင်ပုဒ်နှင့်အညီ စပါးမျိုးစေ့ဆားရည်စိမ်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝမ်ယေးကျေးရွာ တောင်သူ ဦးစိန်မာဒင်၏ အစေ့ထုတ်ပြောင်းစိုက်ခင်းများတွင် “ဖော” ငမြှောင်တောင်ပိုး ကျရောက်မှု ကင်းထောက်စစ်ဆေးနိုင်ရန် ဟိုမုန်း ထောင်ချောက် (Pheromone trap) များကို တပ်ဆင်ပေးခြင်းနှင့် ရောဂါကာကွယ်နှိမ်နင်းနည်း အသိပညာပေး ပိုစတာများ စိုက်ထူပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်တွေ့သရုပ်ပြပွဲသို့ မိုးနဲမြို့စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးငိုပွယ်နှင့် စိုက်ပျိုးရေးဝန်ထမ်းများ၊ ကွင်းတာဝန်ခံများနှင့် စပါးမျိုးစေ့ စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာကာ လက်တွေ့ပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


