မိုးနဲ စက်တင်ဘာ ၂၆
ကိုယ်ဝန်ဆောင်ချိန်ကာလမှ ကလေးအသက်(၂)နှစ်အထိ ရက်ပေါင်း ၁၀၀၀ ကာလအတွင်း အာဟာရ ပြည့်ဝစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အမူအကျင့်များ ကျင့်သုံးလာစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ကျေးရွာများအရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိသည်။
ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ရာတွင် မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခိုင်စံပယ်ဖြူ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများက မိုက်ဟိုင်းကျေးရွာအုပ်စု၊ နမ့်မော်ဆွမ့် ကျေးရွာအုပ်စု၊ နောင်မြိုင်းကျေးရွာအုပ်စု၊ ဝမ်နားကျေးရွာအုပ်စု၊ နားခံရွာအုပ်စုများရှိ ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင် ၁၀၀ နှင့် အသက်(၂)နှစ်အောက် ကလေးငယ် ၁၇၉ ဦး စုစုပေါင်း ၂၇၉ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ စီဖြင့် စုစုပေါင်းငွေကျပ် ၁၂၅၅၅၀၀၀ ကို ကျေးရွာအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
မိုးနဲမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၁)အုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၂၀၈ ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် ၃၃၂ ဦးရှိကြောင်း မြို့နယ်လူမူဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(ပြန်/ဆက်)