မိုးနဲ ၂၇ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် (COVID-19) ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် ကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ကမ္ဘောဇခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က တာဝန်ရှိသူများအနေဖြင့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါနှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန်၊ ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူများကို စနစ်တကျ စာရင်းပြုစုကြရန်နှင့် လူစုလူဝေးဖြစ်စေမည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများ အလှူပွဲများ ကျင်းပခြင်းမရှိအောင် ကြပ်မတ်စစ်ဆေးကြရန် စသည့် ရောဂါကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာများနှင့် ပတ်သက်သည်တို့ကို ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်က ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်နိုင်ရေး၊ Home Quarantine လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်လူနာများနှင့် သံသယရှိသူများ ထားရှိမည့်နေရာများ ပြင်ဆင်ထားမှုနှင့် လိုအပ်ချက်များကို လည်းကောင်း၊ မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးခင်ဇော်ဦးက စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ လိုက်နာဆောင်ရွက်ရန် စည်းကမ်းများ စသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


