မိုးနဲ မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ ကျေးရွာသုံးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် ဆောင်ရွက် ထားသောလုပ်ငန်းများကို မေ ၂၀ ရက်က သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကျော်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်မျိုးမမရွှေ၊ ကွန်ပျူတာလုပ်ရေးမှူး ဒေါ်ရတနာဦးနှင့် တာဝန်ရှိသူများက မိုးနဲမြို့နယ်အတွင်းရှိ ကုန်းပေါင်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ချေးငွေများဖြင့် ဆောင်ရွက် ထားသောစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ၊ လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်း ပုံစံများ ပြည့်စုံမှုရှိ၊ မရှိကိုလည်းကောင်း၊ နမ့်မော်လေ+နားလင်း ကျေးရွာနှစ်ရွာ တစ်ယူနစ်နှင့် ဆိုင်းဖယ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများဖြင့် ဆောင်ရွက်ထားသောစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်း အဝယ်လုပ်ငန်းများ၊ လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှုရှိမရှိကိုလည်းကောင်း စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)