မိုးနဲ ဇွန် ၁၇

 

ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ဒေသအတွင်း ဆန်စပါးဖူလုံ ပိုလျှံရေးအတွက် မိုးစပါးစိုက်ဧက ၁၁၀၇၆ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မိုးနဲမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် လယ်စပါး ရွှေရင်အေး၊ DU-8 မျိုးစပါးများနှင့် DU-12 မျိုးကို အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယာစပါးများအဖြစ် ခေါက်ဖီပန်၊ ခေါက်မီးကွတ်၊ ခေါက်လွိုင်ဟွမ် စပါးမျိုးများကို စိုက်ပျိုးကြပြီး ဘောင်စနစ်ဖြင့် ဧက ၁၅ဝဝ၊ ရိုးရိုး ပျိုးထောင်စိုက်ပျိုးခြင်း ၈၀၆၆ ဧက၊ Drum Seeder အစေ့ချစိုက်ပျိုးခြင်း ဧက၂၀၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ၁၀ ဧက၊ တိုက်ရိုက် အစေ့ချစိုက်ပျိုးခြင်း ဧက ၁၄၈၀ စုစုပေါင်း မိုးစပါး စိုက်ဧက ၁၁၀၇၆ ဧကကို စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့် စပါးများနှင့် စိုက်ပျိုးရေး နည်းစနစ်ကောင်းများကို ဖြန့်ဖြူးဆောင်ရွက်ပေး လျက်ရှိပြီး စပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိန်ကိုက် အချိုးကျ ထည့်သွင်းနိုင်ရေး၊ စပါးဖျက်ပိုးမွှား အန္တရာယ် စနစ်တကျ ကာကွယ်နှိမ်နင်းရေးတို့အတွက် တောင်သူပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦး၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)