မိုးနဲ ၁၀ ဖေဖော်ဝါရီ
ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှုစီမံချက် ရေးဆွဲခြင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အထက(ခွဲ) နားခံကျောင်းအုပ်ဆရာကြီး ဦးနေဇာထွန်းက ပညာရေးအညွှန်းကိန်းနှင့် ပတ်သက်၍ မိတ်ဆက်ခြင်းနှင့် မြို့နယ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အညွှန်းကိန်း နိမ့်ကျလျက်ရှိသော ပညာရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အကြံပြုချက်များ၊ သုံးသပ်ချက်များနှင့် လိုအပ်ချက်များကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ မိဘများပြောင်းရွေ့ကြခြင်း၊ မိဘများပညာရေး အသိပညာနည်းခြင်း၊ ဆရာ ကျောင်းသား အချိုးမမျှခြင်း၊ ကျောင်းခြံစည်းရိုးမလုံခြင်း၊ သောက်သုံးရေမလုံလောက်ခြင်း စသည့် အချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မျိုးညွန့်ရွှေ(မိုးနဲ)