မိုးနဲ ဇူလိုင် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် DU-12 မျိူစပါးကို တိုက်ရိုက်အစေ့ချကိရိယာ (Drum Seeder)ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ တောင်သူ စိုင်းကျော်ဦး၏ လယ်မြေနေရာ၌ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
စိုက်ပျိုးရာတွင် စပါးမျိုးကို နှစ်ရက်ကြာရေစိမ်၍ အညှောင့်ဖောက်ထားသော မျိုးစပါးစေ့၏ အစာပါးစပ်ပြူချိန်တွင် လယ်မြေအတွင်းသို့ တိုက်ရိုက်အစေ့ချ စိုက်ပျိုးရကြောင်း၊ အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းအားဖြင့် အချိန်ကုန် သက်သာခြင်း၊ ပျိုးနုတ်ခြင်းနှင့် ရွေ့ပြောင်းစိုက်ပျိုးမှု သက်သာခြင်း၊ အလုပ်သမားရှားပါးမှု အခက်အခဲများကို ပြေလည်စေပြီး လုပ်အားခသက်သာခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိသဖြင့် စပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့် စိတ်ပါဝင်စားမှု ပိုမိုများပြားလာကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)