မိုးနဲ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာ ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် (၅) နှစ်တာ စီမံကိန်းအလိုက် မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် အဆိုပြုလုပ်ငန်းများ၊ အမှန်တကယ်လုပ်ဆောင်သင့်သည့်လုပ်ငန်းများ စီမံကိန်းတွင် မကျန်ရှိစေရေးနှင့် ဌာနများအလိုက် လိုအပ်ချက်များကို ပြန်လည် ဖြည့်စွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက်ဒေသဖွံ့ဖြိုးရေး ရေးဆွဲစီမံဆောင်ရွက်ထာရှိမှု အခြေအနေများ၊ ခန့်မှန်းကုန်ကျစရိတ်များ၊ ပြည်ထောင်စုနှင့်ပြည်နယ်အလိုက် ခွဲဝေသုံးစွဲမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ် စီမံကိန်းဦးစီးမှူးတို့က လုပ်ငန်းများအလိုက် လိုအပ်ချက်များကို ဖြည့်စွက်တင်ပြနိုင်ရေး အကြံပြု ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)


