ရမည်းသင်း နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးဆောင်၍ မိုးနှောင်းချည်မျှင်ရှည် ဝါသီးနှံမျိုးစေ့ထုတ်လုပ်မှုနည်း ပညာပေးဆင့်ပွားသင်တန်းကို နိုဝင်ဘာ ၅ ရက်နံနက် ၉ နာရီကမြင်းနားကျေးရွာ တောင်သူဦးမောင်အေး၏ ကွင်းအမှတ်(၁၁၄၀ က)၌ ရွှေတောင်(၁၀) ဝါမျိုးသန့် ၂ဧက စိုက် ကွင်းတွင်ဝါမျိုးသန့်ထုတ်လုပ်မှု နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် စာတွေ့၊ လက်တွေ့သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးဦးစိုင်းသန်းအောင်မှ Video Conferencing စနစ်ဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မျိုးစေ့တာန်ခံ ဒေါ်မင်းမင်းသွင်မှ မိုးနှောင်းဝါမျိုးစေ့ထုတ်လုပ်မှု အဆင့်ဆင့်ကိုလည်းကောင်း၊ ပျော်ဘွယ်မြို့နယ် ဝါသီးနှံမျိုးသန့်ခြံတာဝန်ခံဦးစီးအရာရှိ ဦးကြည်စိုးမှဝါသီးနှံ မျိုးခွဲအလိုက်စိုက်ပျိုးထုတ် လုပ်သည့် နည်းစနစ်များကိုလည်းကောင်း၊ ပျော်ဘွယ်မြို့နယ်ဝါကြိတ်ခွဲရေးစက်ရုံတာဝန်ခံဦးခင်မောင်မြင့်မှ ဝါမျိုးစေ့ကြိတ်ခွဲထုတ်လုပ်မှု အဆင့်ဆင့်ကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ရွှေတောင်(၁၀)ဝါမျိုးသန့်စိုက်ကွင်းအတွင်း လက်တွေ့ရှင်းလင်းပြသခဲ့သည်။
ထို့နောက် သင်တန်းတက်ရောက်သည့် ဝါစိုက်ပျိုးသည့် တောင်သူ(၂၇)ဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းသင်တန်းသား(၂၅)ဦးတို့မှသိရှိလိုသည်များကိုမေးမြန်ကြရာ ပျော်ဘွယ်မြို့နယ် ဝါသီးနှံမျိုးသန့်ခြံတာဝန်ခံ ဦးစီးအရာရှိ ဦးကြည်စိုးမှပြန်လည်ရှင်းလင်းခဲကြောင်းသိရသည်။
ဝါသီးနှံသည် လူသားတို့ဝတ်ဆင်ရေးအတွက်သဘာဝချည်မျှင်ထုတ်လုပ်နိုင်သောအရေးအပါဆုံးစက် မှုကုန်ကြမ်းသီးနှံဖြစ်ပြီးလူသုံးကုန်ပစ္စည်းထုတ်လုပ်ရန်လိုအပ်သည့်ကုန်ကြမ်း ဆီဖူလုံရေးအတွက် များစွာ အထောက်အကူဖြစ်သောသီးနှံလည်းဖြစ်ကာ နှစ်စဉ် ဝါသီးနှံစိုက်ဧကပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေးအတွက် ဝါမျိုးကောင်း၊မျိုးသန့်၊မျိုးစေ့များရရှိရန် မျိုးစေ့ထုတ်(အထူးဇုံ)စိုက်ကွင်းများဖော်ဆောင်စိုက်ပျိုးလျက်ရှိပြီး
တောင်သူများအနေဖြင့် မိမိဒေသနှင့် ကိုက်ညီသည့် ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်များ စျေးနှုန်းချိုသာစွာဖြင့် အလွယ်တကူ ရရှိသုံးစွဲနိုင်ပြီးမျိုးကောင်းမျိုးသန့် သုံးစွဲခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်လာပြီး တောင်သူဝင်ငွေ တိုးတက်စေရန် နှင့်အရည်အသွေးပြည့်ဝသောမျိုးစေ့ရရှိစေရန် ဝါသီးနှံ မျိုးစေ့ထုတ်လုပ်နည်းပညာဆင့်ပွားကို လက်တွေ့ကွင်းဆင်းဆောင်ရွက်ကာသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။
ဇော်ဝင်းအောင် (ခရိုင် ပြန်/ဆက်)


