မိုင်းဆတ်  ၁၉  ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်လစာများကို ဧပြီလ ၂၁ ရက် နံနက်(၇)နာရီမှ စတင်၍ ညနေ(၃)နာရီ ဘဏ်ပိတ်ချိန်ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ဧပြီလအတွက် ပင်စင်လစာတွေကို ဧပြီလ ၂၁ ရက် နံနက်(၇)နာရီကစပြီး ညနေဘဏ်ပိတ်ချိန်ထိ ထုတ်ပေးသွားမှာပါ၊ ကျန်တဲ့သူရှိရင်လည်း နောက်ရက်တွေမှာ ဆက်လက်ထုတ်ပေးသွားမှာပါ "ဟု မြို့နယ်ဘဏ် မန်နေဂျာ ဒေါ်စမ်းစမ်းပြုံးက ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မြန်မာ့စီးပွား ရေးဘဏ် အဆောက်အဦအတွင်းအပြင်အား ပိုးသတ်ဆေးဖျန်းထားကြောင်း၊ ဘဏ်ရှေ့တွင် လက်ဆေး ဘေစင်နှင့် Hand Gel များထားပေးကြောင်း၊ ဘဏ်ရှေ့မြေကွက်လပ်တွင် တစ်ဦးနှင့် တစ်ဦး (၆)ပေ အကွာဖြင့် လူ (၁၅)ဦးအတွက် ရွက်ဖျင်တဲ ပြင်ဆင်နေကြောင်း၊ ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍ ပင်စင်လစာ ထုတ်ယူမည့် သူများအား ကိုယ်ပူချိန်တိုင်းတာစစ်ဆေးရန် စီစဉ်ထားကြောင်းနှင့် ဘဏ်ဝန်ထမ်းများအား Mask ၊ Face Shield နှင့် လက်အိတ်များ ဝတ်ဆင်ရန် မှာကြားထားကြောင်း မြို့နယ်ဘဏ်မန်နေဂျာထံမှ သိရသည်။

 

မိုင်းဆတ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်ထုတ်ယူသူ ပင်စင်လခစား(၄၄၈)ဦးရှိကြောင်း၊ ပင်စင်လစာ ထုတ်ယူမည့်သူများအနေဖြင့် နှာခေါင်းစည်း(Mask)တပ်ဆင်ရန်၊ လက်ဆေး သန့်စင်ရန်နှင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးပြီးမှသာ ပင်စင်လစာထုတ်ယူကြရန် မေတ္တာရပ်ခံပန်ကြားချက်ကို ဧပြီလ (၁၅)ရက် ညမှစ၍  မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော် ထားကြောင်းနှင့် နီးစပ်ရာ ကျေးရွာများရှိ ပင်စင်စားများထံ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

           

မြင့်မောင်(မိုင်းဆတ်)