မိုင်းဆတ် ၂၂ ဒီဇင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် အာခါတိုင်းရင်းသားတို့၏ (၁၁)ကြိမ်မြောက် ရိုးရာစုပေါင်းနှစ်သစ်ကူး (ခါးထောင်းဖား)ပွဲတော်ကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက ကုန်းကုလားကျေးရွာရှိ အာခါစာပေနှင့်ယဉ်ကျေးမှု ကော်မတီခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်လှိုင်လင်းကျော်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့်တာဝန်ရှိသူတို့က အာခါရိုးရာစုပေါင်းနှစ်သစ်ကူး(ခါးထောင်းဖား)ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဗိုလ်မှူးချုပ်လှိုင်လင်းကျော်က နှစ်သစ်ကူးအမှာစကားပြောကြားသည်။ ထို့နောက် အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလှထံမှပေးပို့သော နှစ်သစ်ကူးသဝဏ်လွှာကို မြို့နယ်အာခါတိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက ဦးအားဒိုက ဖတ်ကြားသည်။
ဆက်လက်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး နာယကဦးအားဒိုနှင့်အဖွဲ့က နှစ်သစ်ကူးအမှတ်တရ လက်ဆောင်များ ပေးအပ်သည်။ ယင်းနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အာခါတိုင်းရင်းသား လူငယ်မောင်မယ်များက အာခါတိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေသည်။
အာခါရိုးရာနှစ်သစ်ကူး(ခါးထောင်းဖား)ပွဲတော်သည် အာခါတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအနက် အရေးကြီးပွဲတော် တစ်ခုဖြစ်ပြီး ဘိုးဘေးတို့ထံမှရရှိသော ကောင်းချီးမင်္ဂလာကြောင့် ခံစားရသောကျေးဇူးတော်များကို အောက်မေ့ပြီး ကျေးဇူးဆပ်သောပွဲတော်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်