မိုင်းဆတ် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စီစဉ်ဆောင်လျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းပေါင်း(၂၄)ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၁၉၃၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန် လျာထားကြောင်း သိရသည်။
အဆိုပါ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာမှာ အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာ အခြေခံပညာကျောင်း (၁၆)ကျောင်းအား ကာကွယ်ဆေးထိုးစုရပ်အဖြစ် သတ်မှတ်ထားပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုပြီးစီးပါက ကျောင်းများပြန်လည် ဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရန် လိုအပ်သည့် သန့်ရှင်းရေးဆောင်ရွက်မှုများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်း ထံမှ သိရသည်။
မြင့်မောင်(မိုင်းဆတ်)