မိုင်းဆတ် ၇ မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ရောဂါ ရိုက်ခတ်မှု ဒဏ်သက်သာစေရန် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်ချေးငွေ အတိုး ၅၀ ရာခိုင်နှုန်းကို လျှော့ချပေးလိုက်ကြောင်း သိရသည်။

 

"ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ရိုက်ခတ်မှုဒဏ် လျော့နည်းသက်သာအောင် မြစိမ်းရောင်ချေးငွေ အတိုး ၅၀ ရာခိုင်နှုန်းကို ယခုနှစ် ဧပြီလကနေ ၂၀၂၁ခုနှစ်၊ မတ်လအထိ တစ်နှစ် လျှော့ချပေးသွားမှာဖြစ် ပါတယ်" ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က ပြောသည်။

 

"မြစိမ်းရောင်ချေးငွေအတိုး ၅၀ ရာခိုင်နှုန်းကို တစ်နှစ်တိတလျှော့ချပေးမယ်ဆိုတော့ ကျွန်တော်တို့ ရွာသားတွေအတွက် အများကြီးအထောက်အကူဖြစ်တဲ့လို့ ဝမ်းသာပါတယ်"ဟု ကျတီကျေးရွာမှ မြစိမ်းရောင်ချေးငွေစာရင်းကိုင် ဦးစောတာမလာထူးက ပြောသည်။

 

မိုင်းဆတ်မြို့နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ မြစိမ်းရောင်ချေးငွေ တစ်ယူနစ်လျှင် ကျပ်သိန်း သုံးရာနှုန်းဖြင့် (၂၆)ယူနစ်၊ ကျေးရွာပေါင်း(၃၈)ရွာသို့ အရင်းမပျောက်မတည်ရန်ပုံငွေ ထုတ်ပေးထားပြီး မြစိမ်းရောင် အတိုးရငွေမှ ကျတီကျေးရွာ၊ ပါဘောကျေးရွာနှင့် ဟိုနားကျေးရွာတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် တစ်ရွာလျှင် လက်ဆေးဘေစင် နှစ်ခုစီ တပ်ဆင်ပေးထားကြောင်း မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်ထံမှ သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)