မိုင်းဆတ် ၃၁ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကန္တာရကျိုင်းကောင်၊ ကာကွယ်နှိမ်နင်းနည်း ပညာပေးသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက မိမိဒေသရှိ တောင်သူများ စိုက်ပျိုးထားသော သီးနှံများအား ကန္တာရကျိုင်းကောင် ကျရောက်ဖျက်ဆီးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် အခြားပိုးမွှားအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ သီးနှံပင်များတွင် ကျရောက်ဖျက်ဆီးတတ်သည့် ကန္တာရကျိုင်းကောင်မျိုးစိတ် အမျိုးအစားများ၊ သဲကန္တာရဆန်သောမြေများတွင် ဥချလေ့ရှိကြောင်း၊ သားပေါက်ရန် ဥချပုံအဆင့်ဆင့်မှ ပေါက်ဖွားသည့် အခြေအနေများနှင့် ဥဖျက်ဆီးပုံနည်းလမ်းများ၊ ကန္တာရကျိုင်းကောင်ဘဝဆက်ဝန်း လည်ပတ်ပုံများ၊ ပျံ့နှံ့ပုံများ၊ ဖျက်ဆီးပုံအလေ့အထများ၊ ဓာတုပိုးသတ်ဆေးနှင့် သဘာဝပိုးသတ်ဆေး အသုံးပြုပုံနည်းလမ်းများကို ရပ်ကွက်/ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တက်ရောက်လာသော သင်တန်းသား သင်တန်းသူ(၃၀)ဦးအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက သင်ကြားပို့ချပေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဝန်ထမ်းများက ကန္တာရကျိုင်းကောင်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)