မိုင်းဆတ် ၁ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နှစ်စဉ်မိုးရာသီကာလတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး လယ်ယာမြေများ စိုက်ပျိုးရေးလုပ်ကိုင်ရန် အခက်အခဲဖြစ်ပေါ်စေသည့် မယ်ဆွမ်ချောင်းအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"အခု မယ်ဆွမ်ချောင်းကို ပြန်လည်တူးဖော်ပေးမယ်လို့ ကြားရတော့ စိတ်ထဲမှာပျော်တာပေါ့၊ မိုးတွင်း ရောက်တိုင်း မိုးတွေတအားရွာရင် ရေကြီးလာမှာကို စိတ်ပူနေရတယ်၊ မြန်မြန်တူးပေးရင် ပိုကောင်းတာပေါ့"ဟု နှစ်စဉ်ရေဘေးကြုံရသူ မယ်ဆွမ်တောင်ရပ်ကွက်၊ နောင်ဟီးရပ်နေ ဦးစိုင်းအင်းကျောက်က ပြောသည်။
နှစ်စဉ်မိုးရာသီကာလတွင် မယ်ဆွမ်ချောင်းရေကြီးရေလျှံမှုကြောင့် မယ်ဆွမ်တောင်နှင့် မယ်ဆွမ် မြောက်ရပ်ကွက်ရှိ ဒေသခံပြည်သူများ ရေဘေးကြုံကြရပြီး ချောင်းကောလာသည့်အတွက် ချောင်းအောက်ပိုင်းရှိ လယ်ယာမြေအချို့ရေဝပ်ဧရိယာဖြစ်သွား၍ တောင်သူများ နွေမိုးဆောင်း စိုက်ပျိုးရေး လုပ်ကိုင်ရန် အခက်အခဲဖြစ်ပေါ်နေခြင်းကြောင့် ဧပြီလ ၂၈ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့်တာဝန်ရှိ သူတို့ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ လှူဒါန်းသည့် ဆီဖိုးငွေဖြင့် သုံးယိင်းဟွားကုမ္ပဏီက တာဝန်ယူ၍ စက်ယန္တရားများဖြင့် တူးဖော်ပေးခဲ့ရာ ရေလမ်းကြောင်းပွင့်သွားပြီး ရေနစ်မြုပ်နေသော လယ် ယာမြေများ ပြန်လည်စိုက်ပျိုးနိုင်နေပြီဖြစ်သည်။
ယခုအခါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ ချောင်းတစ်လျှောက်သဲနှုန်းများ ပြန်လည်တူးဖော်ခြင်း၊ ချောင်း ချဲ့ထွင်ခြင်းနှင့် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးလုပ်ငန်းများဆောင်ရွက်ရန် တင်ပြတောင်းခံထားသည့် ရန်ပုံငွေကျပ်သိန်း (၂၀ဝ) ချထားပေးသဖြင့် တင်ဒါအမြန်ခေါ်ယူပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)


