မိုင်းဆတ် ၁၁ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရော်ဘာအစေးခြစ်နည်းနှင့် အခဲပြုလုပ်ပုံအဆင့်ဆင့် လက်တွေ့သရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဆိုက်ခေါင်ကျေးရွာရှိ တောင်သူ ဦးအောင်ခမ်း၏ ရော်ဘာခြံ၌ ပြုလုပ်ခဲ့သည်။
"ရော်ဘာအစေးကို တစ်နှစ်မှာ ကိုးလလောက်ခြစ်ပြီး အရွက်ကြွေတဲ့ အချိန်မှာတော့ နားပါတယ်။ တစ်ပင်ကို တစ်ရက်ခြစ်လို့ရပြီး တစ်ချို့အပင်ကို မနက်ပိုင်းမှာ ခြစ်ပါတယ်။ တစ်ချို့အပင်ကိုတော့ ညနေပိုင်းမှာ ခြစ်ပါတယ်။ ရလာတဲ့အစေးတွေကို အက်စစ်အပျော့စားနဲ့ရောပြီး ကီလို (၄၀)တုံး အခဲတွေ ပြုလုပ်ထားပါတယ်။ ပြီးရင်တော့ ရေစိမ်ထားရပါတယ်"ဟု ရော်ဘာခြံလုပ်သား ကိုရွှေလှက ပြောသည်။
ရော်ဘာစေးခြစ်ရာတွင် တရုတ်နိုင်ငံမှထုတ်လုပ်သော ထိုး၍ခြစ်ရသောဓားနှင့် ထိုင်းနိုင်ငံမှ ထုတ်လုပ်သော ဆွဲ၍ခြစ်ရသော ဓားဟူ၍ နှစ်မျိုးရှိပြီး ဆွဲ၍ခြစ်ရသောဓားက ပိုအဆင်ပြေကြောင်း သိရသည်။
"ခြံက ၂၆ ဧကကျယ်ပြီး RRIM-2002 ရော်ဘာမျိုးအပင် ၇၀၀၀ ကျော် စိုက်ပျိုးထားပါတယ်။ ၂၀၀၅ ခုနှစ်က စတင်စိုက်ပျိုးခဲ့ပြီး အပင်(၆)နှစ်သားဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှာ စတင်အစေးခြစ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဈေးကောင်းရတာပေါ့။ အခု ရော်ဘာအစေး တစ်ကီလိုကို ဘတ်ငွေ ၂၀ (ကျပ် တစ်ထောင်) ပဲရတယ်။ တစ်နှစ်ကို ရော်ဘာအစေးရောင်းရငွေ ဘတ်(၇)သိန်း (ကျပ်သိန်း ၃၅၀)လောက်တော့ ရပါတယ်" ဟု တောင်သူ ဦးအောင်ခမ်းက ပြောသည်။
အဆိုပါသရုပ်ပြပွဲတွင် ခြံလုပ်သားများက ရော်ဘာအစေးခြစ်နည်းနှင့် အခဲပြုလုပ်ပုံ အဆင့်ဆင့်အား လက်တွေ့သရုပ်ပြသခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်လင်းက ရော်ဘာစိုက်ပျိုးရေး၊ သီးညှပ် စိုက်ပျိုးရေးနှင့် ဈေးကွက်အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သန်းဇော်(မိုင်းဆတ်)