မိုင်းဆတ်မြို့၌ ရှမ်းတိုင်းရင်းသားတို့၏ ၂၁၁၄ ခုနှစ် စုပေါင်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲကျင်းပ

မိုင်းဆတ်  ၂၆  နိုဝင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီကကြီးမှူး၍ (၂၉) ကြိမ်မြောက် ရှမ်း သက္ကရာဇ် ၂၁၁၄ ခုနှစ် စုပေါင်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် ည ၇ နာရီက  မြို့မဘုန်းတော်ကြီးကျောင်းတိုက်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းဝင်း၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် မြို့မိမြို့ဖ ဦးစိုင်းချစ်သောင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရှမ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ကပြဖျော်ဖြေသည်။

 

အဆိုပါ စုပေါင်းနှစ်သစ်ကူးပွဲတော်အား နိုဝင်ဘာ ၂၇ ရက်ထိ ညစဉ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆိုအက များဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက် ည(၁၂)နာရီတွင် နှစ်သစ်ကြိုဆိုခြင်း၊ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် နှစ်သစ်ကူးအခမ်းအနားကျင်းပခြင်း၊ အလှူပဒေသာပင်များ လှည့်လည်ခြင်း၊ ဆွမ်းကပ်တရားနာခြင်း၊ သက်ကြီးရွယ်အိုများအား ကန်တော့ခြင်း၊  ဧည့်သည် တော်များအား ဧည့်ခံကျွေးမွေးခြင်းနှင့် မွန်းလွဲ(၂)နာရီခွဲတွင် ကံစမ်းများဖောက် ပေးခြင်းတို့ဖြင့်  စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်(မိုင်းဆတ်)