မိုင်းဆတ်  ၂၃  ဇူလိုင်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်လယ်ယာမြေနှင့်အခြားမြေသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ သိမ်းဆည်းခံရသည့် လယ်မြေများလျော်ကြေးပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ ခရိုင်လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က မယ်ဆွမ်မြောက်ရပ်ကွက်၊ ဝမ်ကပ်ကွင်းရှိ ဌာနဆိုင်ရာရုံး များအတွက် သိမ်းဆည်းခံရသည့်လယ်ယာမြေများအား ဒေသပေါက်ဈေးနှုန်း တစ်ဧက ငွေကျပ်သိန်း(၄၀) နှုန်းဖြင့် လျော်ကြေးပေးသွားမည်ဖြစ်ကြောင်း၊ ယခုခရိုင်ထွေ/အုပ်ရုံးအတွက် သိမ်းဆည်းထားသည့် မြေအတွက် လျော်ကြေးပေးရန် အစိုးရမှ ငွေကျပ်(၆၆)သိန်း ခွင့်ပြုချထားပေးခဲ့ကြောင်း၊ ကျန်ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့ဌာနမြေအကျယ်အဝန်းအလိုက် လာမည့်ဘဏ္ဍာနှစ်တွင် မြေပိုင်ရှင်များအား မြေလျော်ကြေး ပေးဆောင်နိုင်ရေး မိမိတို့အထက်ဌာနသို့ ရန်ပုံငွေတင်ပြဆောင်ရွက်သွားရန် ရှင်းလင်းမှာကြားသည်။

 

ထို့နောက် မယ်ဆွမ်မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းစန္ဒာက သိမ်းဆည်းမြေ လျော်ကြေးပေးမည့်ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က လိုအပ်သည်များ ပြန်လည် ညှိနှိုင်းပေးသည်။

 

အဆိုပါ မယ်ဆွမ်မြောက်ရပ်ကွက်၊ ဝမ်ကပ်ကွင်းရှိ ဌာနဆိုင်ရာရုံး(၁၃)ခုအတွက် တောင်သူ(၉)ဦး၏ လယ်မြေ(၁၆.၉၁)ဧကကို ၁၉၉၆ခုနှစ်တွင် သိမ်းဆည်းခဲ့ကြောင်း၊ ယခုခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးတည်ဆောက်ထားသော မြေ(၁.၆၇၄)ဧကအတွက် ပိုင်ဆိုင်သည့် တောင်သူနှစ်ဦးအား လျော်ကြေးငွေကျပ် (၆၆)သိန်းကို ဇူလိုင် လ(၂၄) ရက်နေ့တွင် တောင်သူလက်ဝယ်အရောက် ပေးလျော်သွားမည်ဖြစ်ကြောင်း သိရ သည်။

 

မြင့်မောင်(ပြန်/ဆက်)

 

mdn