မိုင်းဆတ် ၅ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းထလန်းအုပ်စု မိုင်းကန်ကျေးရွာ “ဝ” အထူးဒေသ(၂)ရှိ တည်းခိုခန်းနှစ်ခု၌ တရားမဝင် လာရောက်တည်းခိုနေသော ထိုင်းနိုင်ငံသား ၈၀ ကို ဖေဖော်ဝါရီ ၄ရက် နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၃ ရက် ညနေ ၃ နာရီက မိုင်းဆတ်မြို့နယ် မိုင်းထလန်းအုပ်စု မိုင်းကန်ကျေးရွာ “ဝ” အထူးဒေသ(၂)ရှိ နားယောင်းတည်းခိုခန်းနှင့် စင်းခမ်းတည်းခိုခန်းတို့တွင် ထိုင်းနိုင်ငံသားများ တရားမဝင် လာရောက်နေထိုင်ကြောင်း သတင်းအရ မိုင်းဆတ်မြို့နယ်အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူး ဦးဝင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မိုင်းတွမ်နယ်မြေရဲစခန်းမှ ဒုရဲအုပ် လေးကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ဖက်စလား ကစ်ပါ အပါအဝင် အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၃၃ ဦး စုစုပေါင်း ၈၀ တို့ကို တွေ့ရှိသဖြင့် စစ်ဆေးရာ ဥပဒေမဲ့ အထောက်အထားမဲ့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည်။ အဆိုပါ ဖမ်းဆီးရမိသည့် အထောက်အထားမဲ့ ဝင်ရောက်လာသူ ထိုင်းနိုင်ငံသား ၈၀ ကို မိုင်းတွမ်နယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
မြင့်မိုရ်(တာချီလိတ်)