နေပြည်တော် ၂၄ စက်တင်ဘာ
မိုင်းကြောင့် ထိခိုက်ခံစားရသူများအား အကူအညီ အထောက်အပံ့ပေးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ UNICEF နှင့် Humanitarian Inclusion (HI) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်နယ်နှင့် တိုင်းဒေသကြီး (၉) ခုတွင် မိုင်းအန္တရာယ်ရှိပါကြောင်း၊ ၎င်းတို့မှာ ကချင်၊ ရှမ်း၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး၊ ရခိုင်နှင့် ချင်း စသည့်တို့ ဖြစ်ပါကြောင်း၊ မိုင်းကြောင့် ထိခိုက်ခံစားရလျှင် ၎င်းတို့၏ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ပိုင်းဆိုင်ရာတို့တွင် အကျိုးသက်ရောက်မှု များရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီမှ ဩဂုတ်လအထိ မိုင်းနှင့် စစ်ကျန်လက်နက်တို့ကြောင့် စုစုပေါင်း (၁၄၄)ဦး ထိခိုက်ခံစားခဲ့ရပါကြောင်း၊ ၎င်းတို့အနက် (၃၈)ဦး အသက်ဆုံးရှုံးရပြီး (၁၀၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါကြောင်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦးလျှင် (၂)သိန်းနှုန်းဖြင့် (၅၂၈)ဦးအား ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မိုင်းထိခိုက်၍ မသန်စွမ်းမှုများ ဖြစ်လာပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအား ဖွဲ့စည်းခဲ့ပြီး မသန်စွမ်းသူများ အခွင့်အရေးများနှင့် ပတ်သက်၍ အလေးအနက်ထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းမှတ်ပုံတင်ခြင်း လုပ်ငန်းများကို ကနဦးစမ်းသပ်သည့် အနေဖြင့် ညောင်လေးပင်မြို့နယ်၊ ဘားအံမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးတွင် တက်ရောက်လာသူများမှ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မိုင်းကြောင့် ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ရေးလုပ်ငန်းနှင့်ပတ်သက်၍ မေးမြန်းခြင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနရှိ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းခြင်း၊ မိုင်းကြောင့် ထိခိုက်ခံစားရသူများအား အကူအညီအထောက်အပံ့ပေးရေး လုပ်ငန်းနှင့်ပတ်သက်၍ ရှေ့ဆက်မည့် လုပ်ငန်းစဉ်များချမှတ်ခြင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


