မိုင်းခတ်၊ ၂၈ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် တောင်သူများအား EM ဘိုကာရှီမြေဆွေးပြုလုပ်နည်း အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းက စွတ်ပလောင်းကျေးရွာအနီးရှိ မြို့နယ်အားကစားရုံ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ကျိုင်းတုံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က စိုက်ပျိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အဖွင့်အမှာပြောကြားခဲ့ပြီး ဌာနအသီးသီးရှိ တာဝန်ရှိသူများက EM ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲခြင်းကြောင့် လယ်ယာ​မြေများ၏ မြေဆီသြဇာဓာတ်နှင့် မြေဆီလွှာဖွဲ့စည်းမှုများကို​ ရေရှည်အသုံးပြုနိုင်​ရေးအတွက် ထိန်းသိမ်းထားနိုင်ခြင်းနှင့် တိုးတက်​အောင်ပြုပြင်​ ဆောင်ရွက်​ပေးနိုင်ခြင်း၊ ဓာတ်မြေသြဇာလိုအပ်ချက်ကို အတတ်နိုင်ဆုံးမှီခိုသုံးစွဲရမှု လျော့နည်းလာခြင်း၊​ မြေသားတည်​ဆောက်မှုကောင်းခြင်း၊​ ရေနှင့် အာဟာရဓာတ်ကို​ ကောင်းမွန်စွာထိန်းထားနိုင်ခြင်း၊​ ပေါင်း​စေ့အပင်​ပေါက်မြန်စေပြီး ​ပေါင်းနှိမ်နှင်းရာတွင် လွယ်ကူ​စေခြင်း၊ သီးနှံပင်များ၏ ပင်ကြွင်းပင်ကျန်များဖြင့် သဘာ၀မြေသြဇာ ပြုလုပ်ခြင်း​ကြောင့် ကုန်ကျစရိတ် သက်သာခြင်း၊ သဘာ၀​ဖြင့် ပြုလုပ်ထား​သော မြေသြဇာဖြစ်​သော​ကြောင့် လူသားများ အစားအစာ ​ဘေးအန္တရာယ်ကင်းရှင်း​စေနိုင်ခြင်း စသည့်အကျိုး​ကျေးဇူးများကို အသိပညာ​ပေး​ဆွေး​နွေးခဲ့သည်။

 

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများသိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားပေးခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မိုးဒေ(ပြန်/ဆက်)