မိုင်းခတ် ၈ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ညမထွက်ရ အမိန့်ထုတ်ပြန်ထားရာ စည်းကမ်းချိုးဖောက်သူ ၃ ဦးကို မြို့နယ်တရားရုံးက ထောင်ဒဏ် သုံးလစီကျခံရန် အမိန့်ချမှတ်ခဲ့သည်။
မိုင်းခတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ကလှည့်ကင်း တာဝန်ထမ်းဆောင်နေစဉ် မေ ၇ ရက် ည ၁၁ နာရီ မိနစ် ၅၀ အချိန်က မြို့မဈေးလမ်းထောင့်၌ ဆိုင်ကယ်စီးလာသော အိုက်ကား အသက် (၂၅)နှစ်၊ စိုင်းလုံကျောက် အသက် (၂၁) နှစ် ၊စိုင်းတစ် အသက်(၁၉)နှစ်တို့အား စစ်ဆေးမေးမြန်းရာ ခိုင်လုံသော အကြောင်းအရာ တစ်စုံတစ်ရာမရှိဘဲ အကြောင်းမဲ့သွားလာနေသဖြင့် ၄င်းတို့ ၃ ဦးအား ဖမ်းဆီးခဲ့ပြီး မြို့နယ် တရားသူကြီးက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား ဖောက်ဖျက်ကျူးလွန်သည့်အတွက် ထောင်ဒဏ် သုံးလစီ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
မိုးဒေ (မိုင်းခတ်ပြန်/ဆက်)