မိုင်းခုတ် မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု ရှုခင်းသာ(၂) ကျေးရွာတွင် မတ် ၄ ရက် နံနက် ၁၀ နာရီခွဲက မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၅)လုံး မီးလောင်ကျွမ်းခဲ့သဖြင့် မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သော အိမ်ထောင်စု(၅)စုအား မတ် ၁၆ ရက် ညနေပိုင်းက စေတနာရှင်၊ အလှူရှင်များက ဆန်နှင့် ထောက်ပံ့ငွေများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းကို မိုင်းခုတ်မြို့၊ လွယ်ဆောင်ကျေးရွာမှ ဉီးကျကော်က အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် တစ်သိန်းကို လည်းကောင်း၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ စာရေးကြီး ဦးကိုကိုလေးက အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်ငါးသောင်းနှင့် ဆန်အိတ်(၁) အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)


