မိုင်းခုတ် ဇန်နဝါရီ ၃၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာ၌  နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ် တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ်ကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်(၈၅)သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ကာ ယခုအခါ (၇၅)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း မိုင်းဆတ်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဉီးကျော်ခိုင်မြင့်ထံမှ သိရသည်။ 

 

နမ့်လုံးချောင်းရေလွှဲဆည် ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ် တည်ဆောက်ပြီးစီးပါက မိုင်းလုံးကျေးရွာအုပ်စုအတွင်းရှိ လယ်မြေဧက (၁၂၀)အတွက် စိုက်ပျိုးရေ လုံလုံလောက်လောက်ပေးဝေနိုင်မည့်အပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။

 

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)