လှိုင်းဘွဲ ၂၉ မေ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ဒေသဆိုင်ရာဖွံ့ဖြိုးရေး စီမံကိန်းအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကူးစက် ကပ်ရောဂါကာလအတွင်း နေရပ်ပြန်တိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာစေရန်နှင့် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ GMSAEDC (GREATER MEKONG SUBREGION AGRICULTURE AND EDUCATION DEVELOPMENT CENTER) နှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ (အေးလင်းသာယာ) တိုက်ပွဲရှောင်စခန်းဓမ္မာရုံ၌ မှိုစိုက်ပျိုးထုတ်လုပ်မှု လက်တွေ့ပြသခြင်း (TOT)နှင့် ငွေနှင်းမှိုမျိုးထုတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံပေးအပ်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးသက်ဆွေက စိုက်ပျိုး ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ထားမှုများ၊ ဒေသအလိုက် ကိုက်ညီသော မျိုးစေ့များ စိုက်ပျိုးမှုတို့ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းက မှိုစိုက်ပျိုးထုတ်လုပ်ခြင်း အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒေသခံတိုင်းရင်းသားများအတွက် ငွေနှင်းမှိုမျိုးထုတ် (၂၀၀၀) ပေးအပ်ခြင်းနှင့်လက်တွေ့ပြသခြင်းများ ပြုလုပ်ခဲ့သည်။
ဒေသဆိုင်ရာဖွံဖြိုးရေးစီမံကိန်းသည် ၂၀၁၇ ခုနှစ်မှ စတင်၍ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက် စေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းဖြစ်ပြီး ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၀ ပြည့်နှစ် မေလတွင် ဘားအံမြို့နယ် ကမော့ကပိုမျိုးစေ့ခြံ၊ လှိုင်းဘွဲမြို့နယ်မြိုင်ကြီးငူ အထူးဒေသ (အေးလင်းသာယာ)တိုက်ပွဲရှောင်စခန်းနှင့် လေးကေ့ကော်ဒေသ၊ ဇွန်လတွင် ရှမ်းရွာသစ်မြို့၊ ကွီးလေးနှင့် မဲသမူကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်နှင့် ကြိမ်ချောင်းကျေးရွာတို့တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန စီမံကိန်းဧရိယာတာဝန်ခံ ဒေါ်နန်းဝတ်ရည်စမ်း(ဒုတိယဦးစီးမှူး) ထံမှ သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


