မိုင်းကိုင် အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၌ ကျေးလက်ဒေသမီးလင်းရေးအတွက် ပန်ကေတုဓာတ်ခွဲရုံကို အောက်တိုဘာ ၁၈ ရက်ကစတင်၍ တည်ဆောက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဖြစ်သည်။
ပန်ကေတုဓာတ်အားခွဲရုံသည် (66/11) KV ၊ 10 MVA ဓာတ်အားကို ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ ကြီးကြပ်မှုဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ တည်ဆောက်နေ မှုနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်ရဲထွန်းတို့က ယနေ့ နံနက်ပိုင်းက ဓာတ်အားခွဲရုံ ဆောက်လုပ်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ပန်ကေတုဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက မိုင်းကိုင်မြို့နယ်၏ မြောက်ဘက် ကျေးလက် ဒေသများဖြစ်သော ပန်ကေတုကျေးရွာအုပ်စု၊ ဟမ်းငိုင်းကျေးရွာအုပ်စု၊ ဟိုခဲကျေးရွာအုပ်စုနှင့် တုံလော ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများအတွက် ၂၄ နာရီ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင် မည်ဖြစ်ပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)


